မတ္တရာမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် ကလေးငယ် နှစ်ဦးသေဆုံး
မန္တလေးတိုင်း၊ မတ္တရာမြိုနယ်မှာ စစ်ကောင်စီက ဒီကနေ့ ဒီဇင်ဘာ ၂၆ ရက် ညနေ ၃ နာရီ ၂၀ မိနစ်ခန့်က လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး(Mdy-PDF) ရဲ့ အခုည ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါကြောင့် ထန်းတောကုန်းကျေးရွာ၊ ဘုန်းကြီးကျောင်းမှာ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အဲဒီက ကလေးငယ်နှစ်ဦးသေဆုံးခဲ့ရတဲ့အပြင် ဒေသခံ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Mdy-PDF က ဆိုပါတယ်။
စစ်ရှုံးလာတာနဲ့အမျှ ပြည်သူကိုပစ်မှတ်ထားကာ စစ်ရာဇဝတ်မှုကို အကြိမ်ကြိမ်ကျူးလွန်နေတယ်လို့ မန်း PDF က ပြောဆိုပါတယ်။
မန္တလေး PDF နဲ့ စစ်ကောင်စီတို့ကြား မတ္တရာ၊ သပိတ်ကျင်းနဲ့ နောင်ချိုမြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့လည်း ဆိုထားပါသေးတယ်။
Mdy-PDF အနေနဲ့ သပိတ်ကျင်းနဲ့ စဉ်ကူးမြို့တို့ကို သိမ်းပိုက်ထားတဲ့အပြင် မတ္တရာအရှေ့ခြမ်းရဲ့ အရေးကြီးနေရာတွေဖြစ်တဲ့ အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်တွေ၊ Alpha ဘိလပ်မြေစက်ရုံ၊ ဖယောင်းတောင်ရွှေလုပ်ကွက်၊ ဆယ်တော်ကြီး စတဲ့စစ်ကောင်စီတပ်စွဲရာနေရာ ၄၀ လောက်ကို သိမ်းယူထားပါတယ်။
ဓာတ်ပုံ – Mdy-PDF