ချင်းမှာ စားဝတ်နေရေးကြောင့် ဘိန်းစိုက်ပျိုးမှု ပိုများလာ

ချင်းပြည်မြောက်ပိုင်း၊ တီးတိန်မြို့နယ်နဲ့ တွန်းဇံမြို့နယ်တွေမှာ အရင်နှစ်တွေကထက် အခု ၂၀၂၄ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးသူတွေ ပိုမိုများပြားလာတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။
မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်မှာ စားဝတ်နေရေး အကျပ်အတည်း ပိုများလာပြီး အခုလို ဘိန်းစိုက်ပျိုးသူတွေ ပိုမိုများပြားလာရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ဘိန်းအစား အခြားသီးနှံတွေ စိုက်ပျိုးတော့လည်း စျေးကွက်က မကောင်းဘူး။ ပြီးတော့ နိုင်ငံရေးအခြေအနေကြောင့်လည်း ရောင်းရ၊ သယ်ရ၊ ပြုရတာ အဆင်မပြေဘူး။ ဘိန်းကျတော့ အဲဒီလို မဟုတ်ဘူး”လို့ အသက် (၄၀) နှစ်အရွယ် တွန်းဇံမြို့နယ်ဒေသခံ အမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။
အခုလို ဘိန်းစိုက်ပျိုးသူတွေ ပိုမိုများလာတာကြောင့် ဘိန်းစိုက်တောင်သူတွေဆီမှာ ပေါင်းရှင်း၊ မြက်နုတ် လုပ်ကိုင်ကြသူတွေ အနေနဲ့ တစ်ရက်လုပ်အားခ ၁၀,၀၀၀ ကျပ်နဲ့ အထက် ရရှိလာတဲ့အတွက် ဒေသခံတွေဟာ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိလာတယ်လို့ သိရှိရပါတယ်။
ဘိန်းကို အရင် NLD အစိုးရလက်ထက်ကတည်းက လူသူအရောက်နည်းပါးတဲ့ တောတောင်တွေမှာ စိုက်ပျိုးလေ့ရှိကြပေမဲ့ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ အရေးယူဆောင်ရွက်မဲ့သူတွေ မရှိတာကြောင့် ဘိန်းစိုက်ပျိုးသူတွေ ပိုမိုများပြားလာခဲ့ပါတယ်။
“အခုက ဘိန်းစိုက်ခင်းကို မြို့/ရွာ အနီးအနားဝန်းကျင်တွေမှာ ပေါ်ပေါ်ထင်ထင် စိုက်ပျိုးလာကြတယ်။ ရှိတဲ့တောင်တွေကလည်း ဘိန်းစိုက်ခင်းတွေချည်းပဲ။ စိုက်ပျိုးသူတွေကလည်း တစ်နှစ်ထက်တစ်နှစ် ပိုပြီးများလာတယ်”လို့ တီးတိန်မြို့နယ်၊ စီးယင်းဒေသအခြေပြု ချင်းတော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ CDF CDM SIYIN က CJ Platform ကို ပြောပါတယ်။
တီးတိန်မြို့နယ် စီးယင်းဒေသ၊ CDF CDM SIYIN ထိန်းချုပ်နယ်မြေမှာ ဘိန်းစိုက်ပျိုးခြင်းကို လုံးဝ တားမြစ်ထားပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့ကလည်း စီးယင်းဒေသမှာရှိတဲ့ ဘိန်းစိုက်ခင်း သုံး ဧကကို CDF CDM SIYIN က ဖျက်ဆီးခဲ့ပါတယ်။.
ဒါ့အပြင် CDF CDM SIYIN ထိန်းချုပ်နယ်မြေမှာ ကျန်ရှိနေသေးတဲ့ ဘိန်းခင်းတွေကိုလည်း အလျင်းသင့်သလို ဖျက်ဆီးသွားမယ်လို့ စုံစမ်းသိရှိရပါတယ်။
ဘိန်းစိုက်သူတွေဟာ အရပ်သားတွေဖြစ်ပြီး နိုင်ငံရေးအခြေအနေအရ စားဝတ်နေရေးခက်ခဲလို့ စိုက်ပျိုးရကြတဲ့သူတွေရှိသလို တချို့က နိုင်ငံရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး ကိုယ်ကျိုးစီးပွားအတွက် စိုက်ပျိုးကြသူတွေလည်းရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“တခြားမြို့နယ်တွေက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဒေသခံတွေ ပေါင်းပြီး ကိုယ်ကျိုးစီးပွားအဖြစ် ဘိန်းစိုက်ပျိုးသူတွေရှိတယ်”လို့ အသက် (၃၀) နှစ်အရွယ် တီးတိန်မြို့နယ် ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက် နဲ့ ၂၃ ရက်နေ့ကလည်း တီးတိန်မြို့နယ်မှာရှိတဲ့ ဘိန်းစိုက်ခင်း ဧက ၂၀ ကျော်ကို PDF Zoland က ဖျက်ဆီးခဲ့ပါသေးတယ်။
အရင်နှစ်တွေက ချင်းပြည်မှာ ဘိန်းစိမ်း တစ်ပိဿာကို ကျပ်သိန်း ၈၀ နဲ့ ၁၀၀ ကြားရရှိခဲ့ပြီး ဒီနှစ်မှာတော့ ဘိန်းစိမ်း တစ်ပိဿာကို သိန်း ၁၀၀ နဲ့ ၁၇၀ ကြားရရှိနိုင်တယ်လို့ စုံစမ်းသိရှိရပါတယ်။
ချင်းပြည်မှာ ၂၀၂၄ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ၁၈ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့ (UNODC) ရဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဓာတ်ပုံ – CDF CDM SIYIN
ပုံစာ – ချင်းပြည်၊ တီးတိန်မြို့နယ် စီးယင်းဒေသက ဘိန်းစိုက်ခင်းကို
ဖျက်ဆီးနေတဲ့ CDF CDM SIYIN ရဲဘော်တွေကို တွေ့မြင်ရစဥ်။