စဉ့်ကူးက ပျူစောထီးရွာကို PDF များသိမ်းပိုက်၊ ပျူတချို့ ဖမ်းမိ

Author မင်းထက်
Categories
Published on Jul 25, 2024

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)သိမ်းပိုက်ထားတဲ့ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ထဲက ပျူစောထီးအားကောင်းတဲ့ ရွာသာယာရွာကို ဒီကနေ့ မနက်ပိုင်းက အပြီးသတ်သိမ်းပိုက်လိုက်တယ်လို့ အဲဒီဒေသတော်လှန်ရေးသတင်းအရင်းမြစ်များက CJ Platform သို့ ပြောပါတယ်။

 

ယမန်နေ့ ဇူလိုင် ၂၄ ရက် ညပိုင်းကတည်းက အဲဒီရွာကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒီကနေ့ ဇူလိုင် ၂၅ ရက် မနက် ၇ နာရီခန့်မှာ အပြီးသတ်သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

 

“ဖောင်တွေက ကျွန်တော်တို့ ဘန်ကာတွေလုပ်ပြီး ညကတည်းက၀င်တာ။ မနက် ၃ နာရီခွဲလောက်ကစပြီး စပစ်တာ” လို့ တော်လှန်ရေးသတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့က ရွာသာယာကျေးရွာက ပျူအင်အားကို လေ့လာတဲ့အနေနဲ့ ဒရုန်းနဲ့ ဗုံးသီးချခဲ့ပေမဲ့ ပြန်လည်ပစ်ခတ်တာမျိုးမရှိခဲ့ဘဲ အဲဒီကနေ ပျူအင်အား ၃၀ ခန့်သာရှိတာကို သိရှိခဲ့ရတယ်လို့ ၎င်းက ပြောပါတယ်။

 

အဲဒီရွာသိမ်းတိုက်ပွဲမှာ ပျူစောထီးအဖွဲ့ဝင်တချို့ ဖမ်းဆီးရမိတာရှိပေမဲ့ အရေအတွက်အတိအကျ မသိရသေးဘူးလို့ အဲဒီဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ဖမ်းမိတဲ့ပျူစောထီးတွေရှိပေမဲ့ အရေအတွက်ကိုတော့ မသိရသေးဘူး။ အသက်ကြီးပိုင်းအမျိုးသမီး ခြောက်ယောက်၊ ယောကျာ်းကြီး နှစ်ယောက်နဲ့ ကလေးငယ်တစ်ယောက်တော့ သိရတယ်။ ဒါလည်း အသက်ကြီးပိုင်းတွေ” လို့ ၎င်းက ပြောပါတယ်။

 

ရွာသာယာပျူစောထီးကျေးရွာဟာ စဉ့်ကူးနဲ့ ဝက်လက်မြို့နယ်အစပ်မှာတည်ရှိပြီး စစ်ကောင်စီက ဒရုန်းတွေအပါအဝင် လက်နက်မျိုးစုံ တပ်ဆင်ပေးထားတဲ့ကျေးရွာဖြစ်ပါတယ်။

 

အဲဒီက ပျူစောထီးတွေဟာ စစ်ကိုင်းတိုင်းထဲက ဝက်လက်မြို့နယ်အပြင် စဉ့်ကူးမြို့နယ်ထဲက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးမှုတွေပြုလုပ်တဲ့အပြင် ဒေသခံတွေကို သတ်ဖြတ်ခြင်း၊ ပစ္စည်းလုယက်တာ တွေပါပြုလုပ်ခဲ့သလို ပြည်သူတွေရှိရာကို အကြောင်းမဲ့ ဒရုန်းချတိုက်ခိုက်တာတွေလည်း ပြုလုပ်နေတယ်လို့ တော်လှန်ရေးအင်အားစုဘက်က ပြောပါတယ်။

 

မန်း PDF က ဇူလိုင် ၁၇ နေ့မှာ စဉ့်ကူးတစ်မြို့လုံးကို သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ဇူလိုင် ၂၀ ရက်နေ့မှာ တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီမြို့သိမ်းစစ်ဆင်ရေးကနေ စစ်သုံ့ပန်း ၁၁၀ ကျော်နဲ့ လက်နက်ခဲယမ်းအမြောက်အမြားသိမ်းဆည်းရခဲ့တယ်လို့လည်း သိရပါတယ်။

 

ဓာတ်ပုံ – Mdy-PDF

 

ပုံစာ – ဇူလိုင် ၁၇ ရက် စဉ့်ကူးမြို့သိမ်းတိုက်ပွဲထဲက သိမ်းဆည်းရမိတဲ့ စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းများကိုတွေ့ရစဉ်