မြန်မာ-အိန္ဒိယနယ်စပ်မှာ စစ်ဘေးရှောင်ကလေးငယ် ၃၀၀ ကျော် ဝါးကျောင်းမှာ စတင်ပညာသင်ကြားခွင့်ရ

Author ဆလိုင်း
Categories
Published on May 25, 2024

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင် ကျောင်းသား၊ကျောင်းသူတွေ ပညာဆက်လက်သင်ယူနိုင်ဖို့ မြန်မာ-အိန္ဒိယနယ်စပ်တစ်နေရာမှာ Paletwa Education centre ကျောင်းကို မေလ ၂၃ ရက်နေ့က ဖွင့်လှစ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(AA)နဲ့ စစ်ကောင်စီတို့ ဖြစ်ပွားတဲ့ တိုက်ပွဲတွင်း ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ကျောင်းသား၊ကျောင်းသူတွေ ပညာသင်ကြားခွင့် မဆုံးရှုံးစေရေးအတွက် မြို့နယ်ပညာရေးဘုတ်အဖွဲ့နဲ့အတူ Paletwa Education centre ကျောင်းကို ဖွင့်လှစ်လိုက်တာလို့ တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ပထမအကြိမ်အနေနဲ့ ကျောင်းကို ဒီနှစ်မှာ ဖွင့်လှစ်ပေးလိုက်တာပါ။ကျောင်းကတော့ မူလတန်းကနေ အထက်တန်းအထိ သင်ကြားပေးတာပါ။ စစ်ဘေးရှောင်တွေ ပညာဆက်လက်သင်ကြားနိုင်ဖို့နဲ့ ပညာသင်ကြားခွင့် မရှုံးဆုံးစေဖို့အတွက်ပါပဲ” လို့ သူက ဆိုပါတယ်။

 

အဲဒီ ကျောင်းကို ကျောင်း ဆရာ၊ဆရာမ ဦးရေ ၂၅ ဦးနဲ့ သင်ကြားပေးသွားမယ်လို့သိရပြီး တက်ရောက်လာတဲ့ ကျောင်းသား၊ကျောင်းသူ ဦးရေဟာလည်း ၃၀၀ ကျော်ထိ ရှိလာတယ်လို့ ဆိုပါတယ်။ နောက်ထပ် အပ်နှံမယ့် ကျောင်းသား၊ကျောင်းသူတွေ အများပြားကျန်ရှိနေသေးပြီး ဆက်လက် လက်ခံသွားမယ်လို့ သိရပါတယ်။

 

ကျောင်းကို စစ်ဘေးရှောင် ပြည်သူတွေရဲ့ လုပ်အားနဲ့ ဝိုင်းဝန်းပြီး ဝါးနဲ့  တည်ဆောက်ထားတာဖြစ်တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် တက်ရောက်လာတဲ့ စစ်ဘေးရှောင် ကျောင်းသူ/သားတွေဟာ ကျောင်းအသုံးအဆောင်တွေဖြစ်တဲ့ ခဲတံ၊ ဘောပင်၊ စာရေးခုံ စတဲ့အကူညီတွေ လိုအပ်ပြီး သင်ကြားရေး ကျောင်း ဆရာ၊ဆရာမ တွေအတွက်လည်း လစာကူညီထောက်ပံ့ဖို့ အခက်ခဲတွေရှိတယ်လို့ ဆိုပါတယ်။

 

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရှိတဲ့ မြန်မာစစ်ဘေးရှောင် ကျောင်းတွေလည်း လာမယ့် ဇွန်လမှာ စတင်ဖွင့်လှစ်တော့မယ်လို့ ကျောင်းသားမိဘတစ်ဦးက CJ Platform သိုပြောပါတယ်။

 

“မီဇိုရမ်ဘက်မှာလည်း ဇွန်လမှစပြီး မြန်မာစစ်ဘေးရှောင်ကျောင်းတွေ အားလုံး ဖွင့်လှစ်တော့မယ်။ အခု ကျောင်းအပ်လက်ခံတဲ့ ကျောင်းတွေက လက်ခံနေကြပြီ။ “လို့ သူက ဆိုပါတယ်။

 

ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် မြန်မာပြည်သူတွေဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အဲဒီ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ထဲမှာ ကျောင်းနေအရွယ် ကလေးတွေ ပညာသင်ခွင့် မဆုံးရှုံးစေရေးအတွက် စစ်ဘေးရှောင်တွေနေထိုင်တဲ့ နေရာမှာ ပညာဆက်လက်သင်ယူနိုင်ဖို့ ကျောင်းတွေ ဖွင့်လှစ် သင်ကြားပေးတာဖြစ်ပါတယ်။

 

ဓာတ်ပုံ – CJ