နိုင်ငံက ထွက်တော့မည့် ကမ္ဘောဒီးယား သံအမတ်ကို ရွေးကောက်ပွဲကျင်းပရန်ကြိုပြင်နေပုံ ခေါ်ရှင်းပြသည့် စစ်ခေါင်းဆောင်

Author ကိုထားဝယ်
Categories
Published on Apr 25, 2024

အာဏာရှင်အုပ်ချုပ်သည့်နိုင်ငံတစ်ခုဖြစ်သော ကမ္ဘောဒီးယားနိုင်ငံက သံအမတ်ကို နိုင်ငံမှမထွက်ခွာမီ နေပြည်တော် စစ်ခေါင်းဆောင်ရုံးတွင် ရွေးကောက်ပွဲကျင်းပရန် ကြိုတင်ပြင်ဆင်နေပုံများကို ခေါ်ရှင်းပြခဲ့ကြောင်း ယနေ့ထုတ် စစ်ကောင်စီ ဝါဒဖြန့်သတင်းစာများတွင် ရေးသားဖော်ပြချက်အရ သိရသည်။

 

ယမန်နေ့ ဧပြီ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် တာဝန်ပြီးဆုံး၍ မိခင်နိုင်ငံပြန်တော့မည့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံအမတ် H.E. Mr. CHUM Angvichet ကို နေပြည်တော်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင်ရုံးတွင် ၎င်းက လက်ခံတွေ့ဆုံခဲ့သည်။

 

စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်နေသည့် အခြေအနေများနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့သည်ဟု ကြေးမုံနှင့် မြန်မာ့အလင်းတို့တွင် အသီးသီးရေးသားဖော်ပြကြသည်။

 

ထို့ပြင် တစ်ပါတီ၊ တစ်ဦးတစ်ယောက်သာ နှစ်ရှည်အာဏာယူ အုပ်ချုပ်နေသော အာဏာရှင်နိုင်ငံများအတွင်းမှ တစ်နိုင်ငံဖြစ်သော ကမ္ဘောဒီးယားနိုင်ငံနှင့် နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံရေး၊ ချစ်ကြည်ရေးခရီးများ အပြန်အလှန်လည်ပတ်ရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ခရီးသွား၊ လူမှုရေးနှင့် ယဉ်ကျေးမှုကဏ္ဍများမြှင့်တင်ရေးတို့အပြင် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

 

ကမ္ဘာဒီးယားဝန်ကြီးချုပ်(အငြိမ်းစား) ဟွန်ဆမ်သည် မြန်မာပြည်သူများနှင့် တော်လှန်ရေးအင်အားစုများ အပြင်းအထန်ကန့်ကွက်နေသည့်ကြားမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၇ မှ ၈ ရက်တို့တွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့်အတူ စစ်ခေါင်းဆောင်များနှင့် နေပြည်တော်သို့ လာရောက်တွေ့ဆုံခဲ့သည်။

 

ထိုတွေ့ဆုံပွဲအတွင်း နှစ်နိုင်ငံဆက်ဆံရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်နှင့် အာဆီယံအပါအဝင် ဒေသဆိုင်ရာ အရေးကိစ္စများဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့သည်။

 

ဟွန်ဆမ်သည် ပြီးခဲ့သည့်နှစ်အတွင်းက ၎င်း၏ သားထံ ဝန်ကြီးချုပ်ရာထူး လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် ယင်းရာထူးထက်မြင့်သည့် လွှတ်တော် ဥက္ကဋ္ဌ ရာထူးကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကဲ့သို့ ၎င်းဘာသာ ယခုနှစ် ဧပြီ ၄ ရက်နေ့က ရယူခဲ့သည်။

 

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်းသမ္မတ လုပ်နိုင်မည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်အတွင်းမှစတင်၍ ပြင်ဆင်နေခြင်းဖြစ်သည်။

 

ပြည်ပထောက်ခံမှုမရှိသလောက်ဖြစ်နေသည့်အတွက် ၎င်းတို့၏ အကျိုးစီးပွားရ ရှားရှားပါးပါးထောက်ခံသည့် တရုတ်၊ ရုရှားနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ မည်သူ့ကိုမဆို ရွေးကောက်ပွဲအကြောင်း လိုက်လံရှင်းပြနေသည်ကို စစ်ကောင်စီ၏ ထုတ်ပြန်ချက်များအရ တွေ့မြင်ရသည်။

 

စစ်ကောင်စီသည် ရွေးကောက်ပွဲကျင်းပပြီး နိုင်သူကို အာဏာလွှဲမည်ဆိုသည့်အချက်ပါဝင်သည့် အချက် ၅ ချက်ပါ စစ်ကောင်စီရှေ့လုပ်ငန်းစဉ်ကို ဝါဒဖြန့်သတင်းစာမျက်နှာဖုံးများတွင် နေ့စဉ်ထည့်သွင်းဖော်ပြနေသည်။

 

ဓာတ်ပုံ – စစ်ကောင်စီဝါဒဖြန့်သတင်းစာများ