AA အကူအညီဖြင့် ကျင်ဒွေးမြို့ကို ချင်းညီနောင်အဖွဲ့ သိမ်းပိုက်ရရှိ

Author လဂွန်းအိမ်
Categories
Published on May 02, 2024

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ရှိ ကျင်ဒွေးမြို့ကို ရက္ခိုင်တပ်တော် AA ကူတိုက်ပေးခဲ့ပြီးနောက် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီဖြစ်သည်ဟု ချင်းညီနောင်အဖွဲ့ထံမှ သိရသည်။

 

လေးလကျော်ကြာ တိုက်ခိုက်ခဲ့ရသည့် အဆိုပါမြို့သိမ်းတိုက်ပွဲကို ဧပြီ ၂၉ ရက်တွင် အပြီးသတ်နိုင်ခဲ့ခြင်းဖြစ်သည်။

 

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၂ ရက်နေ့က နယ်မြေခံ CDF-Kanpetlet ၊ CDF အချို့နှင့် PDF အဖွဲ့တို့ စတင်ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။ ထို့နောက် ယခုနှစ် မတ်လ ၇ ရက်နေ့မှစတင်ကာ ချင်းညီနောင်စစ်ဆင်ရေး(CB Operation)အဖြစ် ချင်းညီနောင်အဖွဲ့များ၊ LPDF၊ YDF၊ GZA နှင့် PDF တပ်ဖွဲ့ဝင်များသည် AA အကူအညီဖြင့် တိုက်ခိုက်ခဲ့ကြသည်။

 

“ချင်းညီနောင်ရယ်လို့ သတ်မှတ်ပြီးတာနဲ့ တစ်ပြိုင်နက်ထဲမှာပဲ AA ရဲဘော်တွေလည်း မဟာမိတ်တွေနဲ့အတူ တိုက်ပွဲဝင်ကြတာပါ” ဟု မင်းတပ်မြို့နယ် ပ.အ.ဖ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က CJ Platform သို့ပြောသည်။

 

စစ်ကောင်စီဘက်က ကျင်ဒွေးမြို့ကို လက်မလွှတ်ရရေး လေကြောင်းတိုက်ခိုက်မှု ရာနှင့်ချီလုပ်ဆောင်ခဲ့သော်လည်း စွန့်လွှတ်ခဲ့ရခြင်းဖြစ်သည်ဟု CDF-Kanpetlet ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီမှ ပေါင် ၅၀၀ ဗုံးအပါအဝင် လေကြောင်းတိုက်ခိုက်မှု  အကြိမ်ပေါင်း ရာချီပြုလုပ်ခဲ့သည့်အပြင် စစ်ကူအင်အားအမြောက်အများ စေလွှတ်ခဲ့သော်လည်း ကျင်ဒွေးမြို့ကို ချင်းညီနောင်အဖွဲ့က တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

 

မြို့သိမ်းတိုက်ပွဲအပြီး စစ်ကောင်စီတပ်ဖွဲ့များထံမှ လက်နက် ၂၀ ကျော် သိမ်းယူနိုင်ခဲ့သည်ဟု သိရသည်။

မြို့ကိုသိမ်းလိုက်နိုင်ပြီဖြစ်သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျန်ရှိနေသေးသည့်အတွက် အသေးစိတ်အခြေအနေကို အလုံးစုံနယ်မြေရှင်းလင်းမှုလုပ်ဆောင်ပြီးမှသာ ထုတ်ပြန်နိုင်မည်သည်ဟု မင်းတပ် ပ.အ.ဖ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

 

ကျင်ဒွေးမြို့ကို ကျေးရွာအဆင့်မှ ၂၀၁၈ ခုနှစ်တွင် ကျင်ဒွေးရွာ၊ ဟုတ်ပုံကျင်း၊ ဖုံးတွီကျင်းနှင့် ဖာဖုတ်ရွာတို့ကို ပေါင်းစည်းပြီး မြို့အဆင့်ပြန်လည်သတ်မှတ်ပေးခဲ့သည်။  ဧပြီ ၅ ရက်နေ့တွင် မြို့ဖွင့်ပွဲကျင်းပနိုင်ခဲ့သည်။

 

မြို့အဆင့်ရပြီး ငါးနှစ်ကျော်အကြာတွင် ကျင်ဒွေးမြို့ကို CB စစ်ဆင်ရေးအဖြစ် AA နှင့် ချင်းညီနောင်အဖွဲ့များက ၅၄ ရက်ကြာ စစ်ကောင်စီထံမှ ပြန်လည်တိုက်ခိုက်ရယူနိုင်ခဲ့သည်။

 

ရက္ခိုင့်တပ်တော် AA သည် ချင်းပြည်၊ ပလက်ဝဒေသကို သိမ်းပိုက်ရယူထားနိုင်သကဲ့သို့ မြေပုံ၊ ကျောက်တော်၊ မင်းပြား၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် ပေါက်တောမြို့နယ်တို့ကိုလည်း သိမ်းပိုက်ရရှိထားသည်။

 

ဓာတ်ပုံ-CDF Kanpetlet