တောင်ကုတ်ရှိ ဘဏ်များတွင် ငွေမရှိဟုဆိုကာ Non-CDM ပညာရေးဝန်ထမ်းများကို စစ်ကောင်စီလစာမပေး စစ်ကောင်စီတပ်ဖွဲ့ဝင်များ လစာအပြည့်ရ

Author လင်းနွေဦး
Categories
Published on May 01, 2024

ရခိုင်ပြည်၊ တောင်ကုတ်မြို့ရှိ Non-CDM ပညာရေးဝန်ထမ်းများကို ပြီးခဲ့သည့် ယခုဧပြီလအတွက် လုပ်ခလစာများ စစ်ကောင်စီဘက်က ထုတ်မပေးသေးကြောင်း ယင်းဒေသခံများထံမှ CJ Platform က စုံစမ်းသိရှိရသည်။

 

စစ်ကောင်စီမှ ဘဏ်များတွင် ပိုက်ဆံမရှိဟု အကြောင်းပြကာ Non-CDM ဝန်ထမ်းများကို လစာမပေးခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ယခင်ကမဖြစ်ဖူးဘဲ ဧပြီလမှစတင်ကြုံတွေ့ရခြင်းဖြစ်ကြောင်း တောင်ကုတ်ဒေသခံတစ်ဦးက ဆိုသည်။

 

ယမန်နေ့ ဧပြီ ၃၀ ရက်နေ့က လုပ်ခလစာမပေးဘဲ ပညာရေးဝန်ထမ်းများကို တစ်ဦးလျှင် ဆီတစ်ပိဿာ၊ ကြက်သွန်နီ တစ်ပိဿာ၊ ကြက်သွန်ဖြူ ၅၀ ကျပ်သား၊ Mamee ခေါက်ဆွဲခြောက်ထုပ် ဆယ်ထုပ်နှင့် ဆပ်ပြာမှုန့် တစ်ထုပ်စီသာပေးကြောင်း ၎င်းက ပြောသည်။

 

“လစာတော့ မရသေးဘူး။ ဘဏ်မှာ ပိုက်ဆံမရှိလို့တဲ့။ အရင်တုန်းကတော့ အဲဒီလိုမဖြစ်ဖူးဘူး။ ခုမှ ဖြစ်တာပါ” ဟု Non-CDM ဝန်ထမ်းများနှင့်နီးစပ်သူ အသက် ၃၅ နှစ်အရွယ် တောင်ကုတ်ဒေသခံအမျိုးသမီးတစ်ဦးက CJ Platform သို့ပြောသည်။

 

၎င်းတို့သည် ရိက္ခာခြောက်များဖြင့် ချွေးသိပ်ခံရသော်လည်း ယင်းရိက္ခာခြောက်များအတွက် ကုန်ကျစရိတ်ကို ၎င်းတို့၏ လစာများထဲမှ ပြန်လည်နှုတ်ယူမည်ဟုသိရကြောင်း အသက် ၃၀ အရွယ် တောင်ကုတ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

 

လက်ရှိ တောင်ကုတ်မြို့တွင်းရှိ စစ်ကောင်စီလက်အောက်ခံ ပညာရေးပိုင်းမှ ဝန်ထမ်းအများစုမှာ အာဏာသိမ်းပြီးချိန်မှစတင်ကာ နီးစပ်ရာ ဌာနဆိုင်ရာများဖြင့် သင့်မြတ်အောင်ပေါင်း၍ အချိုအချောင်လမ်းကြောင်းများမှ ဝင်ရောက်လာသူများဖြစ်သည်ဟု တောင်ကုတ်ဒေသခံများက ဝေဖန်သည်။

 

သင်ကြားရေး တာဝန်ထမ်းဆောင်ရန် စစ်ကောင်စီမှ ခေါ်ယူခဲ့ရာတွင် အောင်မြင်ခဲ့သူအများစုမှာလည်း တက္ကသိုလ်ဝင်တန်း(ဆယ်တန်း)အောင် အဆင့်မျှသာရှိပြီး ပညာရေးတက္ကသိုလ်များနှင့် ဆရာဖြစ် သင်တန်းကျောင်းများကိုမျှ တက်ရောက်ဖူးခြင်း မရှိသူများသာဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

 

ယခုကဲ့သို့ တောင်ကုတ်မြို့မှ ပညာရေးဝန်ထမ်းများ လစာမရဖြစ်နေသည့်အချိန်တွင် တောင်ကုတ်မြို့ပေါ်ရှိ တပ်ပိုင်းဆိုင်ရာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုမူ စစ်ကောင်စီမှ လစာအပြည့်အဝရကြောင်း၊ ယင်းမြို့နှင့် မလှမ်းမကမ်းရှိ သံတွဲမြို့တွင်လည်း ဌာနဆိုင်ရာဝန်ထမ်းအသီးသီး လစာများရရှိနေကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

 

“ခု ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီက ရခိုင်အနှံ့မှာ စစ်ဖြစ်နေတာလေ။ AA တိုက်လို့ သိမ်းနိုင်တာလည်း မြို့တွေရလာပြီ။ ခုဆို ရခိုင်မြောက်ပိုင်းကို AA စိုးမိုးထားနိုင်တယ်လို့ ပြောနိုင်ပြီလေ။ ထပ်ပြီး တခြားမြို့တွေ(အထူးသဖြင့် တောင်ပိုင်းမြို့တွေ)ကို တိုက်ခိုက်ဖို့က အနှေးနဲ့ အမြန်ဖြစ်လာမှာဆိုတော့ သူတို့(စစ်ကောင်စီ)တပ်ဖွဲ့ဝင်တွေ တပ်မှာမြဲဖို့ကို ဦးစားပေးပြီး လစာတွေပေးတယ်” ဟု တောင်ကုတ်ဒေသခံတစ်ဦးက CJ Platform သို့ပြောသည်။

 

လက်ရှိ တောင်ကုတ်မြို့ပေါ်တွင်လည်း စစ်ပွဲများဖြစ်ပွားလာမည်ကိုစိုးရိမ်သဖြင့် ဒေသခံပြည်သူအများစုမှာ ရခိုင်(တောင်ပိုင်း)ရှိ ရမ်းဗြဲမြို့နယ် ကျောက်ဖြူခရိုင်ရှိ တောင်ကုတ်မြို့အနီး မကျီးကျွန်း၊ ကျောက်နီမော်၊ စကု ကျွန်းမတို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြသကဲ့သို့ ငွေကြေးတတ်နိုင်သူများအနေဖြင့် ရန်ကုန်မြို့နှင့် ပြည်မြို့တို့တွင် အခန်းများငှားရန်ကာ သွားရောက်နေထိုင်မှုများကြောင့် မြို့ပေါ်တွင် လူဦးရေ သုံးပုံ တစ်ပုံခန့်သာ ကျန်ရှိတော့ကြောင်း ဒေသခံများထံမှ သိရသည်။

 

ပုံစာ – တောင်ကုတ်မြို့ဝင်လမ်း တစ်နေရာကိုမြင်ရစဉ်