စစ်မှုထမ်းဈေးကွက်ထဲ နယ်ကျော်ငှားရမ်းမှုတွေ ပြုလုပ်လို့မရတော့ဘူးလို့ဆို

Author CJ Platform
Categories
Published on Feb 25, 2025

ဧရာဝတီတိုင်းမှာ စစ်မှုထမ်းဖို့ လူငှားရမ်းထည့်ပေးနေကြတဲ့ စစ်မှုထမ်းဈေးကွက်တွေထဲ တိုင်းအတွင်းက လူငယ်တွေကိုသာ စစ်ကောင်စီက လက်ခံပြီး နယ်ကျော်သူများကို အခု ဖေဖော်ဝါရီလမှာ လက်မခံတော့တာကြောင့် စစ်မှုထမ်းကြေးထည့်သွင်း နေထိုင်နေကြတဲ့ လူငယ်တွေ စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့ လူသစ်စုဆောင်းနေရာမှာ စစ်မှုထမ်း အပတ်စဉ် ၁၁ အတွက် ဒေသတွင်း လူငယ်တွေကိုသာ ခေါ်ယူသွားတော့မှာဖြစ်တဲ့အပြင် ဆင့်ခေါ်စာတွေလည်း ပိုဆောင်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။

 

“ အခုစစ်မှုထမ်းက အစည်းအဝေးလုပ်တယ်။ ရွာနဲ့အနီးအနားကလူဘဲ ထည့်ရမယ်တဲ့ အဝေးကြီးက လူတွေဝယ်ထည့်မရဘူးတဲ့။ ဆင့်ခေါ်စာရရင် မဖြစ်မနေလိုက်ရမယ်ဆိုလို့ ဘာလုပ်ရမှန်းကို မသိတော့ဘူး” လို့ ညောင်တုန်းမြို့နယ်ရှိ အသက် ၃၀ ကျော် အမျိုးသမီးတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

ဒါ့အပြင် ဧရာဝတီတိုင်းက ဖြစ်တဲ့အတွက် မှတ်ပုံတင်အတွင်း တစ်ဆယ့်လေး မျဉ်းစောင်း( ၁၄/ ) တွေသာ လက်ခံတော့မှာ ဖြစ်ပြီး ဒီလိုလုပ်ရတာဟာ စစ်မှုထမ်းဖို့စာရင်းရထားသူတွေ ထွက်ပြေးတာတွေရှိနေတာကြောင့် ဖြစ်တယ်လို့ သူမကဆက်ပြောပါတယ်။

လက်ရှိမှာတော့ ဧရာဝတီတိုင်းအတွင်း စစ်မှုထမ်းအတွက် ငွေကောက်ခံနေတာမျိုးတွေ ရှိနေသလို ပေါ်တာဆွဲ ဖမ်းဆီးနေတာမျိုးတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

 

စစ်ကောင်စီက ညဖက်တွေမှာ ကျေးရွာဘက်တွေကို ဝင်ရောက်စီးနင်းပြီး လူငယ်များကို ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိနေတာကြောင့် တချို့လူငယ်တွေမှာ အိမ်မှာမအိပ်ရဲဘဲ ရှောင်တိမ်းအိပ်နေကြရတယ်လို့ ကျိုက်လတ် ဒေသခံတစ်ဦးကပြောပါတယ်။

 

“ စစ်မှုထမ်းကြေးပေးနေရတာနဲ့ ကိုယ့်လုပ်စာလည်း ကိုယ်မစားရပါဘူး။ ပေးလိုက်ပြီးပြန်တော့လည်း စိတ်မချရဘူး၊ ဥပဒေက သူတို့ပါးစပ်ထဲတင်ရှိနေတာ” လို့ ကျိုက်လတ်မြို့နယ်က အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

စစ်မှုထမ်းလူစားထိုးတာကို တိုင်းအတွင်းထဲကသူတွေနဲ့သာ အစားထိုးလို့ရမှာဖြစ်ပြီး နယ်ကျော်ငှားရမ်းသူတွေကို လဝက နဲ့ပူးပေါင်းဆောင်ရွက်တာတွေရှိနေတာကို အထက်ကသိသွားလို့ ပြသနာတက်နေတာတွေလည်း ရှိတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးထံကနေလည်း သိရပါတယ်။

 

ဒါ့အပြင် စစ်မှုထမ်းဆင့်ခေါ်စာကို မြို့နယ်အစီအစဉ်နဲ့သာ ရွေးချယ်သွားမှာဖြစ်ပြီး ကျရာလူကို ဆင့်ခေါ်စာတွေပေးပို့သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

 

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ ဧရာဝတီတိုင်းက စစ်မှုထမ်းသင်တန်းဆင်း လူငယ်တွေလည်း ရှေ့တန်းကိုပို့ဆောင်ခံရကာ သေဆုံးတာတွေများပြားနေတာကြောင့် လူငယ်တွေအနေနဲ့ စစ်မှုမထမ်းလိုတဲ့အပြင် ဆင်ခေါ်စာနဲ့ ဆင့်ခေါ်လာမှာကိုလည်း စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – pro-SAC

 

ပုံစာ – စစ်ကောင်စီက အဓမ္မခေါ်ယူထားသည့် စစ်သင်တန်းတစ်ခုကို မြင်ရပုံ

Related News

Depend on news