ဒီကနေ့ အောက်တိုဘာ ၂၅ ရက်နေ့အတွက် မိုးလေဝသခန့်မှန်းချက်” တောင်တရုတ်ပင်လယ်မှာ မုန်တိုင်းထရမ်မီဖြစ်ပေါ်နေ

Published on Oct 25, 2024

“မိုးကြီးနိုင်တဲ့ ဒေသများ”

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ ဒါနာမုန်တိုင်းအရှိန်ကြောင့် ဒီကနေ့ အောက်တိုဘာ ၂၅ ရက် ညနေပိုင်းအထိ မကွေးတိုင်းမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ စစ်ကောင်စီမိုးဇလရဲ့ ခန့်မှန်းထားချက်အရသိရပါတယ်။

 

ဒါ့အပြင် စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်၊ ချင်းပြည်နဲ့ ရခိုင်ပြည်တို့မှာ နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်(တောင်ပိုင်း)တို့မှာ နေရာကျဲကျဲနဲ့ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့ မိုးဇလက ဆိုပါတယ်။

 

“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်း ဒါနာဟာ မြောက်-အနောက်မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းနဲ့ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့ကို ပူရီမြို့(Puri)နဲ့ ဆာဂါကျွန်း(Sagar Island)တို့အကြား ဒမ်မရာမြို့(Dhamara)အနီးကနေ ဖြတ်ကျော်ကာ ဒီကနေ့မနက်ပိုင်းမှာဘဲ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကုန်းတွင်းပိုင်းကို ဆက်လက်ဖြတ်ကျော်နိုင်မယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

အဲဒီနောက် ကပ္ပလီ ပင်လယ်ပြင်တောင်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနဲ့ တောင်ပိုင်းတို့မှာတော့ တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာလည်း တိမ်အသင့်အတင့် ဖြစ်ထွန်းနေတယ်လို့ ခန့်မှန်းထားပါတယ်။

 

ထူးခြားချက်အနေနဲ့ တောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ အပူပိုင်းမုန်တိုင်း ထရမ်မီ(TRAMI)ဟာ အနောက်-အနောက်တောင်ဘက်ကို ရွေ့လျားခဲ့ပြီး အနောက်ဘက်ကို ဆက်လက် ရွေ့လျားနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ဒီကနေ့မနက်မှာ ခန့်မှန်းထားပါတယ်။

 

အဲဒီတိုင်ဖွန်းမုန်တိုင်း ထရမ်မီဟာ တောင်တရုတ်ပင်လယ်ကနေ ဗီယက်နမ်တောင်ပိုင်းကမ်းခြေကို ချဉ်းကပ်လာပြီး အဲဒီနေရာနားမှာ လေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့သွားနိုင်သလို ဟိုင်နမ်ကျွန်းတောင်ဘက် ပင်လယ်ပြင်မှာတင် အရှေ့ဘက်ကို ပြန်လည်ချိုးကွေ့နိုင်တယ်လို့ ခန့်မှန်းချက်တွေရှိနေတဲ့အကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ပြောထားပါတယ်။

 

“မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ”

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်တို့မှာ မိုးတိမ်တောင်များ ဖြစ်ထွန်းနေပြီး အဲဒီမိုးတိမ်တောင်တွေ ရွေ့လျားရာတစ်လျှောက်မှာ မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာတို့ ဖြစ်ပေါ်နိုင်လို့ စစ်ကောင်စီ မိုးဇလက ကြိုတင်သတိထားကြဖို့ အကြံပြုထားပါတယ်။

 

“ပင်လယ်ပြင်လှိုင်းအမြင့်”

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအလွန်ကြီးမယ်လို့ မိုးဇလက ဆိုထားပါတယ်။

 

မိုးသက်လေပြင်းကျချိန် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို မိုင် ၄၀ အထိ တိုက်ခတ်နိုင်သလို လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၉ ပေကနေ ၁၅ ပေခန့် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

 

ဒါ့အပြင် မုတ္တမကွေ့၊ မွန်- တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာလည်း တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးမှာဖြစ်သလို မိုးသက်လေပြင်းကျချိန် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ခုနစ်ပေကနေ ကိုးပေခန့်ရှိနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

“နောက်နှစ်ရက်အတွက်ခန့်မှန်းချက်”

တနင်္သာရီတိုင်း၊ ကရင်ပြည်နဲ့ မွန်ပြည်တို့မှာ နေရာစိပ်စိပ်ကနေ မိုးထစ်ချုန်းရွာနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

Source – မိုးဇလ