စစ်ကောင်စီက ကျောက်မဲမြို့ကို ဗုံးကြဲတိုက်ခိုက်
တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့အတွင်းကို စစ်ကောင်စီက ဒီကနေ့ နေ့လယ် ၁ နာရီခွဲခန့်မှာ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ PSLF/TNLA က ကနဦးသတင်းထုတ်ပြန်ပါတယ်။
ကျောက်မဲမြို့ရဲ့ ဆေးရုံနဲ့ ရဲစခန်းကို လာရောက်ကြဲချသွားတယ်လို့ ကျောက်မဲမြို့ခံတွေက ရေးသားဖော်ပြနေကြပေမဲ့ CJ Platform ကတော့ အတည်ပြုနိုင်ဖို့ ကြိုးပမ်းနေဆဲဖြစ်ပါတယ်။
ကျောက်မဲမြို့ သူ/သားတွေ သီးသန့်ဖွဲ့ထားတဲ့လူမှုကွန်ရက်ဂရုမှာ အဖွဲ့ဝင်တစ်ဦးက “ဆေးရုံကို နှစ်လုံး၊ ရဲစခန်းကို တစ်လုံး။ ပြည်သူတွေ ဘယ်ချိန်မှ ကောင်းကောင်းမနေရဘူး။ ဟိုဘက်ညစ်လိုက်၊ ဒီဘက်ညစ်လိုက်၊ အပေါ်ကလာကြဲလိုက်နဲ့” လို့ ရေးသားထားတာတွေ့ရပါတယ်။
တအာင်းတပ် TNLA ကတော့ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲချသွားတာဖြစ်တယ်လို့ ထုတ်ပြန်ထဲဖော်ပြထားပြီး ထိခိုက်မှုအသေးစိတ်ကိုတော့ နောက်ပိုင်းမှာဖော်ပြသွားမယ်မယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နဲ့ ၂၂ ရက်တို့မှာလည်း TNLA ထိန်းချုပ်ထားရာ နောင်ချိုမြို့နယ်ကို နှစ်ရက်ဆက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
ဇန်နဝါရီ ၂၁ ရက်နေ့က နောင်ချိုမြို့ စည်ပင်ရုံးနဲ့ ထွေအုပ်ရုံးတို့အနီး ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့မှုအတွင်း ဒေသခံ ၁ ဦး သေဆုံးတဲ့အပြင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို စည်ပင်ရုံးအဆောက်အအုံနဲ့ လူနေအိမ် ၁ လုံးပျက်စီးခဲ့ပါတယ်။
ဇန်နဝါရီ ၂၂ ရက်နေ့က နောင်ချိုမြို့နယ် ရဲစခန်းနဲ့ ပါရမီလက်ဖက်ရည်ဆိုင်အနီး ဗုံးနှစ်လုံး ကြဲတိုက်ခိုက်ခံရမှုအတွင်း အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၅ ဦး သေဆုံးတဲ့အပြင် ၁ ဦး ထိခိုက် ဒဏ်ရာရခဲ့သလို နေအိမ် နှစ်လုံးနဲ့ ရဲစခန်း ထိခိုက်ပျက်စီးခဲ့ပါတယ်လို့ PSLF/TNLA ရဲ့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။
ဓာတ်ပုံ – PSLF/TNLA