ဟားခါး ပြည်နယ်တရားလွှတ်တော်ရုံး မီးလောင်ပြာကျ

Author ဆလိုင်း
Categories
Published on Jul 24, 2024

ချင်းပြည်၊ ဟားခါးမြို့၊ စျေးသစ်ရပ်ကွက်ရှိ စစ်ကောင်စီရဲ့ ပြည်နယ်တရားလွှတ်တော်ရုံး ယမန်နေ့ညပိုင်းက မီးလောင်ပြာကျသွားတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

 

ယမန်နေ့ ဇူလိုင်လ ၂၃ ရက်၊ ည ၁၂ နာရီမှာ စတင်မီးလောင်ခဲ့ပြီး ယနေ့ ဇူလိုင် ၂၄ ရက်၊ မနက် ၁ နာရီကျော်မှာ မီးငြိမ်းသွားတယ်လို့ ဟားခါးမီးသတ်တပ်ဖွဲ့ထံမှ သိရပါတယ်။

 

အဲဒီမီးလောင်မူကြောင့် ပြည်နယ်တရားလွှတ်တော်ရုံးတစ်ခုလုံး မီးလောင်ပြာကျသွားပေမဲ့ လူထိခိုက်မှုမရှိကြောင်း မျက်မြင်ဒေသခံတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“လူတွေကတော့ ဘာမှမဖြစ်ပေမဲ့ ရုံးက ပြာကျသွားတယ်။ ရုံးထဲက စာရွက်စာတမ်းတွေရော အကုန်မီးထဲပါသွားတယ်။ တခြားအိမ်တွေ မီးမကူးလို့ တော်သေးတယ်” လို့ ၎င်းက ပြောပါတယ်။

 

ဟားခါးမြို့မှာ လျှပ်စစ်မီး မရရှိတာ သုံးပတ်ခန့်ရှိပြီဖြစ်တဲ့အတွက် ယခုမီးဟာ ရှို့မီးဖြစ်မယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုကြပါတယ်။

 

ဟားခါးမြို့မှာ စစ်ကောင်စီနဲ့ ချင်းကာကွယ်ရေးတပ်တို့ကြား စစ်ရေးတင်းမာနေတဲ့အတွက် မြို့လုံခြုံရေး စစ်ကောင်စီက တင်းကျပ်ထားရာကနေ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

 

ဓာတ်ပုံ-CJ

 

ပုံစာ – မီးလောင်နေတဲ့ ဟားခါး ပြည်နယ်တရားလွှတ်တော်ရုံးကို တွေ့ရစဥ်