အာဏာသိမ်းသုံးနှစ်ကျော်အတွင်း နေအိမ် ကိုးသောင်းကျော် မီးရှို့ဖျက်ဆီးခံရလို့ DfM ဆို

Author အညာသား
Categories
Published on Jul 24, 2024

စစ်တပ်အာဏာသိမ်းမှု သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ် ၉၅,၀၀၀ ကျော်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ Data for Myanmar(DfM)ရဲ့ ဒီကနေ့ ဇူလိုင် ၂၄ ရက်မှာထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။

 

ယခုနှစ် ဇွန်လအတွင်း မန္တလေး၊ စစ်ကိုင်း၊ တနင်္သာရီ၊ မကွေးတိုင်းနဲ့ ချင်းပြည်အတွင်းက အရပ်သားနေအိမ်ပေါင်း ၁၁၀၉ လုံးအထိမီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ယခုနှစ် ပထမနှစ်ဝက်အတွင်း စစ်ကိုင်းတိုင်း ကလေးမြို့နယ်ထဲက ရွာ ၁၆ ခုမှာ စစ်ကောင်စီ တပ်ဖွဲ့တွေက နေအိမ် ၃၁၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ယခုနှစ်ထဲမှာ ရခိုင်ပြည်အတွင်း မီးရှို့ဖျက်ဆီးခံရတဲ့အရေအတွက် တိုးလာသလို အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတို့ကြား အပြန်အလှန် စွပ်စွဲမှုတွေပြုလုပ်ခဲ့ကြတဲ့  ဘူးသီးတောင်မြို့နယ်ထဲက မွတ်ဆလင်ရပ်ကွက်များမီးရှို့ခံရမှုကို DfM အနေနဲ့ ရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ ဆိုပါတယ်။

 

ဒါ့အပြင် တော်လှန်ရေးအင်အားစုဘက်က ခေတ္တသိမ်းပိုက်နိုင်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ထဲက မီးရှို့ဖျက်ဆီးမှုတွေနဲ့ ပတ်သက်လို့လည်း နောက်ဆုံးအခြေအနေတွေကို အသေးစိတ်သိရှိနိုင်ဖို့ ခက်ခဲနေဆဲဖြစ်တယ်လို့ အစီရင်ခံစာထဲ ဖော်ပြထားပါတယ်။

 

နေရာ ၂၇၀ မှာ စစ်ကောင်စီတပ်တွေက မီးတင်ရှို့ခဲ့ကြတာဖြစ်ပြီး အဲဒီထဲ စစ်ကိုင်းတိုင်းက အများဆုံးအနေနဲ့ နေအိမ်စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းအထိရှိခဲ့တယ်လို့ DfM ရဲ့ ယခုနှစ် ဇွန်လ ၃၀ ရက်အထိကောက်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

 

မီးရှို့ခံရတဲ့ကျေးရွာများအတွင်း ဒေသခံများအနေနဲ့ မိုင်းအန္တရာယ်အပါအဝင် ဘေးကင်းလုံခြုံရေးအတွက် စိတ်ချရမှသာ ပြန်လည်ဝင်ရောက်သင့်တယ်လို့ DfM က အကြံပြုထားပါတယ်။

 

ဓာတ်ပုံ – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

 

ပုံစာ – ယခုနှစ် ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ ခင်ဦးမြို့နယ်၊ သာဝတ္ထိရွာက အိမ် ၁၅၀ ထက်မနည်း စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ခဲ့တာကို ဝေဟင်မှတွေ့မြင်ရစဉ်