ကောလင်းမြို့က စစ်ရှောင်ငါးသောင်းခန့် ဒုက္ခတွေ့နေ၊ သုံးလအတွင်း NUG ထံမှ ဆန်တစ်ပြည်သာရလို့ဆို

Author မင်းထက်
Categories
Published on Jun 24, 2024

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ ကာကွယ်ဝန်ကြီးဌာန(MoD)ရဲ့ ကွပ်ကဲမှုနဲ့ ပထမဆုံး သိမ်းနိုင်ခဲ့တဲ့ အညာဒေသ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့က စစ်ဘေးရှောင်တွေ ကာလကြာရှည်လာတာနဲ့အမျှ အခက်အခဲများစွာနဲ့ ရင်ဆိုင်လာနေရတယ်လို့ အကူညီပေးနေတဲ့အဖွဲ့အစည်းတွေနဲ့ စစ်ဘေးရှောင်တွေက CJ Platform သို့ပြောပါတယ်။

 

စစ်ကောင်စီထံ ပြန်လည်လက်လွှတ်လိုက်ရအပြီး သုံးလတာကာလအတွင်း NUG နဲ့ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေရဲ့ ကူညီမှုကို အနည်းငယ်သာရရှိတယ်လို့ ကောလင်းမြို့အနောက်ခြမ်းက ပြည်သူတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။

 

“ရှိပေမဲ့ တစ်ခေါက်တည်းသာရောက်တာပါ။ ဆန်တစ်ပြည်ရပါတယ်” လို့​ အဲဒီဒေသမှ စစ်ဘေးရှောင်ပြည်သူတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

လက်ရှိအချိန်အထိ ကောလင်းဒေသထဲ စစ်ဘေးရှောင်အရေအတွက် ငါးသောင်းခန့်အထိရှိလာခဲ့သလို မိုးတွင်းကာလဖြစ်တဲ့အလျောက် အမိုးအကာနေရာထိုင်ခင်းတွေအပြင် စားနပ်ရှိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ အဲဒီမှာအကူညီပေးနေတဲ့အဖွဲ့အစည်းတွေထံမှ သိရပါတယ်။

 

ကောလင်းမြို့ကို ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၆ ရက်နေ့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ PDF ပူးပေါင်းအဖွဲ့တွေက သိမ်းယူခဲ့တာပါ။ အဲဒီနောက် ဖေဖော်ဝါရီ ဒုတိယအပတ်ထဲ စစ်ကောင်စီရဲ့ ပြန်လည်သိမ်းပိုက်ခြင်းခံလိုက်ရပါတယ်။

 

ဒါကြောင့် စစ်ဘေးဒုက္ခသည်အရေအတွက်ဟာ ကောလင်းအနောက်ခြမ်းမှာ တစ်သောင်းကျော်ရှိနေပြီး ကောလင်းနယ်အတွင်း စုစုပေါင်း စစ်ရှောင် ငါးသောင်းခန့်အထိရှိလာသလို စစ်ဘေးရှောင်တွေအတွက် ကူညီရေးအပိုင်းမှာ လိုအပ်ချက်တွေ ပိုမိုများပြားလာတယ်လို့ အဲဒီမှာ စစ်ရှောင်ကူညီရေးဆောင်ရွက်နေတဲ့ ပြည်သူမှပြည်သူသို့အဖွဲ့ထံမှ သိရပါတယ်။

 

“စစ်ရှောင်တွေရောက်လာတော့ အိမ်တွေကနေ ဆန်နဲ့ စားစရာ ထောက်ပံ့တယ်။ ထမင်းထုပ် အလှည့်ကျစီပို့ပေးတယ်။ ချိုးရေဆိုလည်း ရွာထဲက ရေဘုံဘိုင်တွင်းတွေကနေ လာချိုးကြရတာပေါ့။  မြို့နေလူတန်းစားတွေဆိုတော့ တောမှာရက်ရှည်လာတော့ မလုပ်တတ်မကိုင်တတ်နဲ့ သူတို့အတွက်လည်း လိုအပ်ချက်တွေက အတော်များများဖြစ်လာတယ်။ အစားအသောက်၊ ဆေး၀ါးကအစပေါ့” လို့ အဲဒီအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

ကောလင်းမြို့နယ်အနောက်ခြမ်းက စစ်ရှောင်ဒေသခံတွေရှိတဲ့နေရာဟာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲရှိတဲ့အပြင် လိုအပ်ချက်တွေမြင့်တက်နေတာကြောင့် အဲဒီက စစ်ရှောင်တွေဟာ အကူအညီတွေကို ငံ့လင့်လို့နေပါတယ်လို့ ​စစ်ဘေးရှောင်ဒေသခံတွေက ဆိုပါတယ်။

 

မြန်မာပြည်တွင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာအရ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ သုံးသန်းကျော်ရှိနေပြီး စစ်ကိုင်းတိုင်းမှာ ၁ ဒသမ ၂ သန်းရှိတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA) ရဲ့ စာရင်းအရ သိရပါတယ်။

 

ဓာတ်ပုံ – ပြည်သူမှပြည်သူသို့

 

Related News

Depend on news