ချင်းပြည်နဲ့ မကွေးတိုင်းအစပ်မှာ သစ်ခိုးထုတ်နေမှုတွေ ပိုများလာလို့ သစ်တောပြုန်းတီးမှာကို ဒေသခံတွေ စိုးရိမ်နေ

ချင်းပြည်နဲ့ မကွေးတိုင်းအစပ်မှာ အခုနှစ်အတွင်း သစ်ခိုးထုတ်နေသူတွေများလာတာကြောင့် သစ်တောပြုန်းတီးမှုအန္တရာယ် ကြုံတွေရမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ကျွန်း၊ ပျဉ်းကတိုးနဲ့ အခြားသစ်မာတွေကို အဓိကထား ခုတ်ယူနေကြတာဖြစ်ပြီး နှစ်မစေ့သေးတဲ့ အပင်တွေကိုပါ ခုတ်ယူနေကြတာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
“ အရင်အစိုးရခေတ်ကဆိုရင် ကြိုးဝိုင်းသစ်တောပေါ့။ အခုက တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတာပေါ့။ အဓိကတော့ ချင်းပြည်အပိုင်အတွင်းမှာ ခုတ်ကြတာပိုများတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။
အဲဒီလို သစ်ခိုးထုတ်ရာမှာ တောထဲတွင်ပင် ခွဲခြမ်းစိတ်ဖြာပြီး ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ်တွေကို ရှောင်ကွင်းကာ ခိုးထုတ်နေကြတာဖြစ်တယ်လို့ သိရပါတယ်။
ယခင်က သစ်ခိုးထုတ်တာတွေရှိပေမဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုများပြားလာခဲ့ရာ ၂၀၂၄ ခုနှစ်ကုန်ပိုင်းက စလို့ သစ်ခိုးထုတ်မှုတွေ ပိုဆိုးလာတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
လက်ရှိ ချင်းပြည်နဲ့ မကွေးတိုင်းနယ်စပ် ယောဒေသမှာတော့ စစ်ကောင်စီထိန်းချုပ်မှုအောက်မရှိတော့ပဲ တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားဆဲဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ အနေနဲ့ သစ်ခိုးထုတ်မှုကို သတိပေး တားမြစ်မှုတွေ တင်းတင်းကြပ်ကြပ်လုပ်ဆောင်တာတော့ မရှိသေးဘူးလို့ သိရပါတယ်။
ဓာတ်ပုံ – Salai blessing