တစ်နိုင်ငံလုံး သာယာမယ် “ဒီကနေ့ ဒီဇင်ဘာ ၂၄ ရက်၊ အင်္ဂါနေ့အတွက် မိုးလေဝသခန့်မှန်းချက်”

Published on Dec 24, 2024

“မိုးရွာနိုင်တဲ့ ဒေသများ”

စစ်ကောင်စီမိုးဇလရဲ့ ခန့်မှန်းချက်အရ ဒီကနေ့ညနေပိုင်းအထိ နေပြည်တော်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ချင်းပြည်နဲ့ ရခိုင်ပြည်တို့မှာ အများအားဖြင့် သာယာပြီး ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ တိမ်အသင့်အတင့်ဖြစ်ထွန်းမယ်လို့ ခန့်မှန်းထားပါတယ်။

 

“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေတယ်လို့  စစ်ကောင်စီမိုးဇလက ထုတ်ပြန်ထားပါတယ်။

 

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနဲ့ အနောက်အလယ်ပိုင်းတို့မှာဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းဟာ နောက်(၂၄)နာရီအတွင်း အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်းနဲ့ အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေအနီးကို ရောက်ရှိနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

“ထူးခြားဖြစ်စဉ် အခြေအနေ”

တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း“ပါဘက်”ဟာ မနက်ဖြန် ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ဗီယက်နမ်နိုင်ငံ အရှေ့ပိုင်းကမ်းခြေအနီးကို ရောက်ရှိနိုင်တယ်လို့ စစ်ကောင်စီ မိုးဇလက ခန့်မှန်းထားပါတယ်။

 

“ပင်လယ်ပြင်လှိုင်းအမြင့်”

မြန်မာ့ပင်လယ်ပြင်မှာတော့လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

 

“နောက်နှစ်ရက်အတွက် ခန့်မှန်းချက်”

မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်၊ ချင်း ပြည်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ ညအပူချိန်တွေ အနည်းငယ် လျော့နည်းနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။