“မတူညီတဲ့ စျေးနှုန်းတွေကြားက ဘဝများ”
ပန်းရောင်ကတ် (Pink Card) လို့ သိကြပြီး ဘတ်ရိုက်တယ်လို့ ခေါ်တဲ့ ထိုင်းအစိုးရရဲ့ အလုပ်သမား မှတ်ပုံတင်ကတ်ဟာ မြန်မာ ရွှေ့ပြောင်းတွေအတွက် အရေးကြီးလှပါတယ်။ ထိုင်းမှာ တရားဝင်နေထိုင်၊ အလုပ်လုပ်ပိုင်ခွင့်ရဖို့ ကတ်အတွက် အဆင့်ဆင့်ဖြတ်ကျော်ရပြီး ပွဲစားတွေအတွက်လည်း စားပေါက်တစ်ခုလို ဖြစ်နေပါတယ်။ ဘတ်ကြေးတွေဟာ ပွဲစားတစ်ယောက်နဲ့ တစ်ယောက် မတူကြတဲ့အပြင် ဘတ်မရခင် အလိမ်ခံရတဲ့ ဖြစ်စဉ်တွေကလည်း မကြားချင်မှ အဆုံးဖြစ်နေကြတာပါ။ ဒီတစ်ပတ်ရဲ့ တီးတိုးသံကဏ္ဍမှာတော့ ဘတ်လုပ်ပေးသူ ပွဲစားတွေဟာ ဘတ်ကြေးအတွက် ကုန်ကျစရိတ်ကို ရှင်းရှင်းလင်းလင်း ပြောကြားတာ မရှိပေမဲ့ သူတို့တောင်းတဲ့ ဘတ်ဈေးနှုန်းအတိုင်း အခက်အခဲတွေကြားက မဖြစ်မနေ ပေးနေရတဲ့ စက်ရုံ အလုပ်သမတွေရဲ့ ရင်ဖွင့်သံတွေကို ဖော်ပြပေးလိုက်ပါတယ်။
“ပွဲစားနဲ့ လုပ်ရတာဆိုတော့ ပွဲစားကတော့ သေချာရှင်းပြတာ မရှိဘူး”
ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်၊ ဆာလာပူလီမြို့ရှိ အသက် ၂၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး။
ကျွန်မဒီကိုရောက်တာတော့ နှစ်လကျော်ပဲ ရှိသေးတယ်။ ကြက်သားလုပ်တဲ့ စက်ရုံမှာ လုပ်တယ်။ ဒီမှာ အလုပ် လုပ်ရင် ဘတ်တင်ရမယ်ဆိုတော့ ရှေ့လမှာ ဘတ်တင်ရတယ်။ ပထမ ဓာတ်ပုံနဲ့ သူတို့တောင်းတဲ့ စာရင်းပေးတော့ ၅၀၀၀ ပေးရတယ်။ အခု Name List ထွက်တော့ ၇၀၀၀ ပေးရတယ်။ စုစုပေါင်းဆို ၁၂၀၀၀ ဘတ်။ အလုပ်ရှင်က မလုပ်ပေးဘူးဆိုတော့ ပွဲစားကိုပေးတာ။ ပွဲစားနဲ့ လုပ်ရတာဆိုတော့ ပွဲစားကတော့ သေချာရှင်းပြတာတော့ မရှိဘူး။ ပန်းရောင်ကဒ် ကားခ၊ ဆီးစစ်ခ၊ သွေးစစ်ခ၊ ကျန်းမာရေး အဲဒီလိုတော့ပြောတယ်။ ဘယ်ဟာက ဘယ်လောက်လဲတော့ မသိဘူး။ လိုင်းပေါ်ကြည့်တော့ ဘတ်လုပ်ရင် ပေးရတာတွေကတော့ အစုံပဲ။ ဘတ်မရှိရင် ဘယ်မှ သွားလို့မရတော့ မဖြစ်မနေလုပ်ရတာ။ ဘတ်ဖိုးကလည်း ပေးစရာမရှိတော့ ညီကိုယ်မောင်နှမတွေဆီက ချေးပေးရတယ်။ အကြွေး ၁၁,၀၀၀ ဘတ်တော့ တင်သွားပြီး”
****************************************
“ဘယ်ဟာ ဘယ်လောက်လဲ မပြောဘူး။ ဝဏ္ဏ (အလုပ်ခေါင်းဆောင်) ကတော့ ဘတ်ဈေး အမှန်ပဲလို့ ပြောတယ်”
ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်၊ မဟာချိုင်မြို့ကအသက် ၄၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး။
“ကျွန်မ ဒီရောက်တာ သုံးနှစ် ပြည့်တော့မယ်။ ဝယ်လွန်ကော်စက်ရုံမှာ လုပ်တယ်။ ၁၂ လပိုင်း လကုန်ခံနီးက သူဌေးက ဘတ်တင်ပေးတယ်။ သူဌေးက တိုက်ရိုက်တင်တာ သူဌေးအငှား မပါဘူးလို့ ကြားတယ်။ စာရေးမက လာပြောတာ၊ ဘတ်တင်ရမယ် ၅၀၀၀ ဘတ်ကျမယ်၊ ဘယ်ဟာ ဘယ်လောက်လဲ မပြောဘူး။ ဝဏ္ဏ(အလုပ်ခေါင်းဆောင်) ကတော့ ဘတ်ဈေး အမှန်ပဲလို့ ပြောတယ်။ ၁၂ လပိုင်း လကုန်တော့ ၁၀၀၀ ဘတ်ပေးရတယ်။ ၁၅ ရက်နေ့ကြတော့ ၂၀၀၀ ဘတ်၊ လစာထုတ်ပြီးတာနဲ့ ပေးရတယ် Name List တော့ ရပြီ။ တစ်လလုံး အိုတီ (Over Time) အချိန်ပိုဆင်းရတော့ ဘတ်ဖိုး ပေးနိုင်ခဲ့လို့ တော်သေးတယ်။ အိမ်တော့ ပြန်မပို့ နိုင်ဘူးပေါ့”
****************************************
“ဘတ်မလုပ်ရင် သူတို့အဆောင်မှာ ပေးမနေဘူး။ အကုန်လုပ်ရမယ်တဲ့ “
ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်၊ မဲဆောက်မြို့က အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး။
“ညီမ ဒီကိုရောက်တာ တစ်နှစ်ကျော်ပဲ ရှိသေးတယ်။ မဲဆောက် မယ်တောင်မိုင်ရွာက အထည်ချုပ် စက်ရုံမှာ အလုပ်လုပ်တယ်။ ဘတ်တင်ပြီးပြီ။ သူဌေးတင်ပေးတာ။ ဒီလ ပိုက်ဆံစဖြတ်တာ ၃,၀၀၀ ဘတ်၊ နောက်လကြရင် ၃,၅၀၀ ဘတ်။ အားလုံးပေါင်း ပန်းရောင်ကတ် လုပ်ဖို့ ၆,၅၀၀ ဘတ်တဲ့ ကျန်တာ ဘာမှ မသိရသေးဘူး။ ဘတ်လုပ်ရမယ်၊ နာမည်စာရင်း ကောက်သွားပြီး ပိုက်ဆံတောင် ဖြတ်သွားတာ၊ ရှင်းပြတာလည်းမရှိဘူး။ ဘာမှမသိရသေးဘူး။ ဘတ်မလုပ်ရင် သူတို့အဆောင်မှာ ပေးမနေဘူး။ အကုန်လုပ်ရမယ်တဲ့၊ စက်ရုံမှာ အသက်မပြည့်တဲ့ သူပဲကျန်တယ်။ ဒီလ လစာ ဘတ်ဖိုးပေးလိုက်တော့ နောက်လကြရင် ဘယ်လို လုပ်ရမလဲတော့ မသိသေးဘူး”
****************************************
“ပိုက်ဆံလက်ထဲမှာ မရှိလို့ မပေးနိုင်တော့ အလုပ်ထဲက ဖြတ်ပြီးတော့ ယူတယ်”
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အသက် ၃၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး။
လက်ရှိက ဘန်ကောက်မြို့ ဗန်းမော်ဈေးအထည်ချုပ် အိမ်စက်ရုံမှာ အလုပ်လုပ်တယ်။ ဘတ်မရှိတော့ အခက်အခဲက မဟာချိုင်ကနေ ဗန်းမော်ဈေးထဲကို အလုပ်လုပ်ဖို့ လာတော့ ကားခ ၂၅၀ ဘတ်၊ ၂၀၀ ဘတ်ပေးရမှာကို ကားခကို ကားသမားက ၂,၅၀၀ ဘတ် တောင်းလို့ ပေးစီးရတယ်။
ရောက်ရောက်ချင်း ဒီမှာရှိတဲ့ သူက ပွဲစားအသစ်ဆိုတော့ ပွဲစားက ဘတ်တင်ပေးတယ်။ ဘတ်တင်တော့ စရံ ၂,၀၀၀ ပေးရမယ်ပေါ့။ ပိုက်ဆံလက်ထဲမှာ မရှိလို့ မပေးနိုင်တော့ အလုပ်ထဲက ဖြတ်ပြီးတော့ ယူတယ်။ သူတို့ စိုက်ပေးထားတာပေါ့။ တင်ပြီးနောက်ရက်ကျတော့ Name List ကျတယ်။ စာရွက်ပေးတယ်။ တင်ပြီး ၁၀ ရက်နေ့ကျတော့ ဆီးစစ်၊ သွေးစစ်တာတွေ၊ တောမောင်းရုံးသွားလုပ်ရမှာ သွားမလုပ်နိုင်တော့ ဝယ်ရတယ်။ အားလုံးပေါင်း ၇,၀၀၀ ဘတ်ကျတယ်။ နှစ်ကြိမ်ခွဲပေးရမှာ နောက် ၅,၀၀၀ ကို မပေးနိုင်သေးဘူး။ အိမ်ကိုလည်း ပြန်မပို့နိုင်သေးဘူးပေါ့”
****************************************
“ဘတ်လုပ်ဖို့ ပိုက်ဆံသွင်းရတော့ အိမ်ကို ပြန်မလွှဲနိုင်ဘူးဆိုတော့ စိတ်မကောင်းဖြစ်မိတယ်”
ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်၊ မဲဆောက်မြို့ အသက် ၃၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး။
“ကျွန်မ ဒီဘက်ရောက်တာ တစ်နှစ်ကျော် ရှိပြီး။ မယ်ပ အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်တယ်။ ၂၀၂၄ ၇ လပိုင်းထဲက ဘတ်လုပ်ဖို့ ပိုက်ဆံ ၂,၅၀၀ ဘတ် အလုပ်ရှင်ကိုပေးထားရတယ်။ ပန်းရောင်ကတ် လုပ်ဖို့ ခန်မှန်းခြေ ၅,၀၀၀ ဘတ် ၆,၀၀၀ ဘတ်လောက် ကျမယ်တဲ့။ အသေးစိတ် ဘယ်ခေါင်းစဥ် ဘယ်လောက်ဆိုတာ မရှင်းပြဘူး။ သူဌေးက တိုက်ရိုက်လုပ်ပေးတာပဲလို့ ကြားတယ်။ သုံးကြိမ်တော့ ခွဲပေးရတယ်။ ၄,၅၀၀ ဘတ်ပေးပြီးပြီ။ ဘတ်ဈေးနှုန်းကတော့ အမှန်လို့ ထင်တာပဲ။ ဘတ်လုပ်ဖို့ ပိုက်ဆံသွင်းရတော့ အိမ်ကို ပြန်မလွှဲနိုင်ဘူးဆိုတော့ စိတ်မကောင်းဖြစ်မိတယ်။ အိမ်ကအမေကလည်း ကျွန်မလစာနဲ့ မှီခိုစားရတော့ အမေက စားဖို့ အဆင်မပြေဖြစ်တာပေါ့။ အခုတော့ ၂၀၂၅ ခုနှစ် ၁ လပိုင်း မှာ Name List ရပြီ“
ဓာတ်ပုံ – ပေးပို့
ပုံစာ – ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ အိပ်ချုပ်စက်ရုံအတွင်းက အလုပ်သမားများကိုတွေ့ရစဉ်