လက်ပံတန်းနဲ့ မင်းလှမှာ မြစ်ရေလွှမ်းလို့ စိုက်ခင်း ဧက သောင်းနဲ့ချီ ပျက်စီး

Published on Jul 23, 2024

ပဲခူးတိုင်း(အနောက်ခြမ်း)၊ လက်ပံတန်းနဲ့ မင်းလှမြို့နယ်တို့မှာ ဧရာဝတီမြစ်ရေ တက်လာတာကြောင့် လယ်ယာစိုက်ခင်း ဧက သောင်းနဲ့ချီ ရေနစ်မြုပ်နေတဲ့အပြင် နေအိမ်တွေပါ ရေနစ်မြုပ်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

 

ယခုလို ရေကြီးရေလွှမ်းဖြစ်စဉ်ကြောင့် လက်ပံတန်းက စပါး၊ ပဲ၊ နှမ်းနဲ့ ကိုင်းသီးနှံ ဧကပေါင်း တစ်သောင်းခန့်၊ မိုးညိုမြို့က စုစုပေါင်းသီးနှံဧကပေါင်း ၁၅,၇၅၁ ဧကနဲ့ ကြို့ပင်ကောက်မြို့နယ်မှာ လယ်ဧကပေါင်း တစ်သောင်းကျော်အထိ ရေနစ်မြုပ်ပျက်စီးသွားတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

 

အဲဒီဒေသတွေမှာ ယနေ့ ဇူလိုင် ၂၃ ရက် မနက်ပိုင်းမှာလည်း ရေဆက်လက်တက်လာနေတယ်လို့ ဒေသခံတွေပြောစကားအရ သိရပါတယ်။

 

ဒါ့အပြင် လက်ပံတန်းအနောက်ခြမ်းက မဟာဗျူဟာ ကားလမ်းမဘေးက ရွာတွေဖြစ်တဲ့ ဖိုးကတို၊ ချောင်းသုံးခွ၊ ဂုံညင်တန်း၊ တော်လဿ၊ ကနစိုးကုန်နဲ့ ဘီးကြီး စတဲ့ရွာတွေဘက်မှာ လူနေအိမ် ရာနဲ့ချီပြီး ရေနစ်မြုပ်နေတယ်လို့ အဲဒီမြို့ခံ အမျိုးသားတစ်ဦးက CJ Platform သို့ ပြောပါတယ်။

“မိုးကလည်း ရွာတယ်။ ညက(ဇူလိုင် ၂၂ရက်)နဲ့ ခုနေ့(ဇူလိုင် ၂၃) ရက်ဆို မိုးက ပိုကြီးတယ်။ ပိုရွာနေတယ်။ ဧရာဝတီမြစ်ရိုးတစ်လျှောက်ပဲပေါ့။ ရေတွေတက်နေတာ။ မြစ်ကြီးနားက ရေကြီးတာတွေက ကျလာတော့ တက်လာတာပေါ့” လို့ ၎င်းက ပြောပါတယ်။

 

ယခုလို ရေကြီးရေလျှံတာတွေဟာ လက်ပံတန်းအပြင် မင်းလှနဲ့ မိုးညိုတို့ရှိ ပျဉ်းမကုန်း၊ ထန်းပင်ကုန်း၊ ဒီလှိုင်းနဲ့ နတ်ထမင်း စတဲ့ကျေးရွာတွေမှာလည်း မြစ်မခမြစ်ရေအတက်ကြမ်းတာကြောင့် လူနေအိမ်တွေ နစ်မြုပ်တဲ့အပြင် လယ်ဧက ၁,၀၀၀ ထောင်ခန့် ပျက်စီးသွားတယ်လို့ မင်းလှဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

 

ဒါကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်နေပေမဲ့ ကူညီသူ အလွန်နည်းပါးသေးတယ်လို့ ၎င်းက ပြောပါတယ်။

 

“ရေက တော်တော်အတက်မြန်တယ်။ အရင်က တက်လာသလောက်တော့ မရှိသေးဘူးဆိုပေမဲ့ သုံးလေးရက်အတွင်းကို တက်လာတာ။ ကူညီသူက နည်းသေးတယ်။ စပြီးကူညီဖို့တော့ လုပ်နေကြပြီ။ မိုးညိုဘက်ကတော့ တော်တော်ဆိုးတယ်။ မင်းလှနဲ့ မိုးညို ဟိုဘက်ကမ်းဒီဘက်ကမ်းဆိုတော့ မြစ်ကမ်းအစပ်တွေက ရွာတွေက ပိုခံရတာပေါ့” လို့ ၎င်းက ပြောပါတယ်။

 

တူးမြောင်း၊ တောင်ပို့ကြီး၊ သရက်တော၊ ဆင်တဲကုန်း၊ သီတာအေး၊ ညောင်ပင်သာ၊ ရွှေလောင်း၊ ပန်းတောနဲ့ ရွှေခဲကျေးရွာတွေဘက်မှာလည်း ရေတွေ ဝင်ရောက်လာပြီး သီးနှံစိုက်ခင်းတွေ ရေနစ်သေကုန်တယ်လို့ မင်းလှဒေသခံ နောက်တစ်ဦးဆီက သိရပါတယ်။

 

ရေကြီးတာကြောင့် လူနေအိမ်နစ်မြုပ်နေတဲ့ အိမ်တွေက ဒေသခံတွေဟာ ဘုန်းကြီးကျောင်း၊ စာသင်ကြောင်းနဲ့ တာပေါင်တွေပေါ် တဲထိုးကာ နေနေကြရပြီး အကူအညီများစွာလိုအပ်နေတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – ပေးပို့

 

ပုံစာ – မိုးညိုနဲ့ လက်ပံတန်းမြို့တို့က ရေမြုပ်နေရာများကိုတွေ့ရစဉ်