ဘူးသီးတောင်မှာ ခမီလူမျိုးများသတ်ဖြတ်ခံရမှု လူနည်းစုများရဲ့ အသက်အန္တရာယ်စိုးရိမ်စရာဖြစ်လာလို့ဆို

Author ဆလိုင်း
Categories
Published on Jul 23, 2024

ရခိုင်ပြည်(မြောက်ပိုင်း)၊ ဘူးသီးတောင်မြို့နယ်မှာ စစ်ဘေးရှောင် ခမီလူမျိုး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုအပေါ် လူနည်းစုတွေကြား အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ ခမီအသိုင်းအဝိုင်းက CJ Platform သို့ ပြောပါတယ်။

 

ဇူလိုင် ၁၈ ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ ဂန္ဓာရီစစ်ဘေးရှောင်စခန်းမှ ခမီအမျိုးသား ခုနစ်ဦး ဟင်းစားအတွက် မျှစ်ချိုးသွားပြီးနောက် လက်ပံရှည်ကျေးရွာမှာ လက်ပြန်ကြိုးတုတ်ထားပြီး ဓားဒဏ်ရာ၊ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးလျက် ပြန်တွေ့ခဲ့တယ်လို့ အာရက္ခတပ်တော် AA က ဇူလိုင် ၂၂ ရက်က ထုတ်ပြန်ထားပါတယ်။

 

အဲဒီဖြစ်စဥ်ဟာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်းကျင်းကာလမှာ လူနည်းစုတွေကြား လုံခြုံရေးခြိမ်းခြောက်မှုဖြစ်သလို အသက်အန္တရာယ်အတွက် အလွန်စိုးရိမ်စရာဖြစ်လာတယ်လို့ ရန်ကုန်ရောက် ခမီအမျိုးသားတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ကျွန်တော်တို့ လူနည်းစု ခမီလူမျိုးတွေက ခေတ်အဆက်ဆက် ရခိုင်နဲ့ မွတ်ဆလင် အရေးခင်းကာလမှာ အခုလိုမျိုး သတ်ဖြတ်ခံရတယ်။ အခု အချိန်ထိ ကျွန်တော်တို့ ခမီတွေက သူများတွေရဲ့ အသတ်ဖြတ်ခံရဆဲဖြစ်တယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ ခမီတွေက အသက်အန္တရာယ် ခြိမ်းခြောက်ခံရဆဲဖြစ်တယ်။ အသက်အန္တရာယ် စိုးရိမ်စရာဖြစ်လာတယ်” လို့ ၎င်းက ပြောပါတယ်။

စစ်တွေမြို့က ခမီလူမျိုး ဆရာတော်တစ်ပါးကလည်း ခမီလူမျိုးစုတွေဟာ တောတောင်ကို မှီခိုကာ ရွာဖွေစားသောက်နေထိုင်တဲ့ လူနည်းစုဖြစ်ပြီး ဘယ်လူမျိုးတွေနဲ့မှ လူမျိုးရေးပဋိပက္ခနဲ့ ပြဿနာတွေ မရှိဘူးလို့ CJ Platform သို့ မိန့်ကြားပါတယ်။

 

“ရခိုင်ပြည်မှာ တခြားလူမျိုးတွေနဲ့ အေးတူပူမျှအတူတကွ နေထိုင်လာတဲ့ လူမျိုးဖြစ်ပါတယ်။ ဘူးသီးတောင်၊ မောင်တောဘက်မှာဆို ဦးဇင်းတို့ လူမျိုးတွေက အရင်ကတည်းကနေ အခုလို သူများသတ်ဖြတ်တာခံရတယ်။ တောင်ယာလုပ်ကိုင်စားသောက်တဲ့ ဦးဇင်းတို့လူမျိုးတွေက တောင်ယာတွေသွားတဲ့ခါ အသက်အန္တရာယ်စိုးရိမ်လာရတယ်” လို့ ဆရာတော်က မိန့်ပါတယ်။

 

ခမီလူမျိုးတွေဟာ ရခိုင်ပြည် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တောနဲ့ တခြားမြို့နယ်တချို့မှာပျံ့နှံ့နေထိုင်ပြီး လူဦးရေ လေးသောင်းနဲ့အထက် ရှိတယ်လို့ သိရပါတယ်။

 

အသတ်ခံရတဲ့ ခမီလူမျိုး ခုနစ်ဦးဟာ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေကြတဲ့ ဒေသခံအရပ်သားများသာဖြစ်ပြီး ဝမ်းရေးအတွက် ဟင်းရှာသွားကြစဉ် စစ်ကောင်စီရဲ့ သင်တန်းဆင်း မွတ်ဆလင်အစွန်းရောက်တွေက သတ်ဖြတ်တာလို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ထားပါတယ်။

 

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – ခမီတိုင်းရင်းသားများကို တွေ့ရစဉ်