ပေါင်းတလည်ရှိ စာသင်ကျောင်းတွင် လေးလကြာတပ်စွဲထားသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ တစ်ဦးသေ

Author Gold 
Categories
Published on Apr 23, 2024

ပဲခူးတိုင်း၊ ပြည်မြို့နယ် ပေါင်းတလည်မြို့ အထက်တန်းကျောင်းတွင် လေးလကျော်ကြာတပ်စွဲထားသော စစ်ကောင်စီတပ်ကို ဧပြီ ၂၂ရက် နံနက် ၆ နာရီခန့်တွင် ဒေသခံကာကွယ်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြည်ခရိုင်တပ်ရင်း  (၃၆၀၁ PPDF)တပ်ရင်း ထုတ်ပြန်ချက်အရ သိရသည်။

 

“ပစ်ခတ်နေတဲ့အချိန်မြင်ခဲ့တာတော့ တစ်ဦးက ပွဲချင်းပြီးသေတယ်။ တစ်ဦးက ပြင်းပြင်းထန်ထန်ဒဏ်ရာရတယ်” ဟု ပြည်ခရိုင်တပ်ရင်း ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံက CJ Platform သို့ပြောသည်။

 

ထို့နောက် စစ်ကောင်စီတပ်သည် ဒဏ်ရာရသူနှင့် သေဆုံးအလောင်းကို ကားဖြင့် ပေါက်ခေါင်းဘက်သို့ သယ်ဆောင်သွားခဲ့ကြောင်း၊ ယင်းသို့ဖြစ်ပွားပြီးနောက် ပေါင်းတလည်မြို့ပေါ်တွင် အစစ်အဆေးကြမ်းနေသည်ဟု ၎င်းက ပြောသည်။

 

တိုက်ခိုက်ခံရသော စစ်ကောင်စီတပ်သည် ဒေသခံကားများကိုတားကာ ပိုက်ဆံတောင်းခြင်း ရိုင်းဆိုင်းစွာဆဲဆိုခြင်းများလုပ်ဆောင်ခဲ့သည်ဟု ပေါင်းတည်ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

 

ဧပြီ ၁၄ ရက်ကလည်း ပေါင်းတည်မြို့နယ် သိမ်ကုန်းရွာမှထွက်လာသော စစ်ကောင်စီတပ်ကို  ထန်းတောရွာအနီးတွင် ဒေသခံတော်လှန်ရေးပူးပေါင်းတပ်များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် သုံးဦးသေဆုံးခဲ့သည်။

 

ဓာတ်ပုံ- လူမှုကွန်ရက်