တိုင်းပြည်သာယာရေးနှင့် စားနပ်ရိက္ခာပေါများရေးသည် စစ်ကောင်စီ အဓိကရည်မှန်းချက်ဟု စစ်ခေါင်းဆောင်ပြော

Author ကိုထားဝယ်
Categories
Published on Apr 23, 2024

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအပါအဝင် အရာရာချွတ်ခြုံကျအောင် စီမံအုပ်ချုပ်နေသော စစ်ကောင်စီ၏ အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်မှာ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးဖြစ်သည်ဟု စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

၎င်းသည် ယမန်နေ့က နေပြည်တော် စစ်ကောင်စီ ဥက္ကဋ္ဌရုံးတွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၄)တွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

“တိုင်းပြည်သာယာဝပြောရေးဆိုသည်မှာ တည်ငြိမ်အေးချမ်းမှုရှိပြီး ပြည်သူပြည်သားများအားလုံး တရားဥပဒေစိုးမိုးမှုအောက်တွင် အေးချမ်းသာယာစွာဖြင့် နေထိုင်နိုင်ခြင်း၊ ပညာသင်ကြားနိုင်ခြင်း၊ အလုပ်အကိုင်များ လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းပင်ဖြစ်ကြောင်း၊ စားရေရိက္ခာ ပေါများရေးအနေဖြင့် နိုင်ငံတော်တွင် လူတစ်ဦးချင်းစီသည် အခြေခံဝင်ငွေဖြင့်ပင် စိတ်အေးချမ်းသာစွာနေထိုင်စားသောက်နိုင်ခြင်းပင်ဖြစ်သည်” ဟု စစ်ခေါင်းဆောင်က ပြောသည်။

 

ထို့ကြောင့် နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးရေး၊ စားသောက်ကုန်နှင့် အခြေခံလူသုံးကုန်ပစ္စည်းများ သင့်တင့်မျှတသည့် ဈေးနှုန်းများဖြစ်စေရေးနှင့် ငွေကြေးတန်ဖိုးခိုင်မာစေရေး စစ်ကောင်စီအနေဖြင့် ကြိုးပမ်းဆောင်ရွက်နေကြောင်း ၎င်းက ပြောကြားခဲ့သည်ကို စစ်ကောင်စီဝါဒဖြန့်သတင်းစာများတွင် ရေးသားဖော်ပြထားသည်။

 

ထို့ပြင် ခေတ်အဆက်ဆက် စစ်ခေါင်းဆောင်များပြောကြားသကဲ့သို့ “နိုင်ငံ့စီးပွားရေးတိုးတက်အောင် ဆောင်ရွက်နိုင်ရန် မိမိတို့နိုင်ငံတွင် မြေခံရေခံကောင်းများနှင့် လူသားအရင်းအမြစ်များရှိပြီးဖြစ်သည်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

သို့သော် စီးပွားရေးပိတ်ဆို့ခြင်း၊ ကုန်သွယ်ရေးလမ်းကြောင်းများကို ပိတ်ဆို့ခြင်းနှင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးပိတ်ဆို့အောင် ဆောင်ရွက်နေခြင်းတို့ကြောင့် အခက်အခဲဖြစ်ပေါ်နေခြင်းသာဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

 

ယင်းတို့ကို ကျော်လွှားနိုင်မည်ဆိုပါက ကုန်သွယ်မှုကောင်းမွန်ပြီး နိုင်ငံ့စီးပွားပိုမိုတိုးတက်ကာ ငွေကြေးတန်ဖိုးများ တိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံအနေဖြင့် ထိုက်သင့်သည့်ငွေကြေးတန်ဖိုးတွင် တည်ငြိမ်နေရန်လိုကြောင်း စစ်ခေါင်းဆောင်က ပြောသည်။

 

စစ်ခေါင်းဆောင်၏ အထက်ပါပြောကြားချက်များအားလုံးနီးပါး အာဏာမသိမ်းမီက နိုင်ငံအတွင်း ဖြစ်ပေါ်ခဲ့သည်ဟု ပြည်သူများက ဆိုသည်။

 

“အာဏာမသိမ်းခင်က ဒါတွေအားလုံးတည်ရှိနေခဲ့တာပါ။ ကိုဗစ် ဒုတိယလှိုင်းငြိမ်လို့ နိုင်ငံရေး၊ စီးပွားရေး ပြန်တည့်မတ်တော့မယ့်အချိန်မှာပဲ ရိုက်ချိုးခံခဲ့ရတာ” ဟု ရန်ကုန်မြို့ခံတစ်ဦးက မှတ်ချက်ပေးပြောဆိုသည်။

 

အာဏာမသိမ်းမီ ၂၀၂၀ ခုနှစ်အတွင်းက အမေရိကန် တစ်ဒေါ်လာလျှင် ၁၃၀၀ ကျပ်ဝန်းကျင်သာရှိခဲ့ရာမှ ယခုအခါ(ဧပြီ ၂၃ ရက်) ၃၈၉၀ ကျပ်သို့လည်းကောင်း၊ ရွှေဈေးမှာလည်း ၁၆ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၁၃ သိန်းဝန်းကျင်မှ ယခုအခါ ၄၇ သိန်း ငါးသောင်းကျော်သို့လည်းကောင်း၊ စက်သုံးဆီ အောက်တိန်း 92 တစ်လီတာလျှင် ၆၆၅ ကျပ်မှ ယခုအခါ ၂၈၅၀ ကျပ်သို့လည်းကောင်း၊ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၅၂,၀၀၀ ကျပ်ဝန်းကျင်မှ ၂၀၀,၀၀၀ နီးပါးသို့လည်းကောင်း၊ စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၂၀၀၀ ခန့်မှ ယခုအခါ ၈၀၀၀ ခန့်သို့လည်းကောင်း မြင့်တက်လာသကဲ့သို့ အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်များအားလုံး သုံးဆနှင့်အထက် အသီးသီးမြင့်တက်လာသည်။

 

နိုင်ငံတည်ငြိမ်ရေးပိုင်းတွင်လည်း အာဏာမသိမ်းမီက မည်သည့်နေရာမဆို တစ်နေ့လုံး၊ တစ်ညလုံး လုံခြုံစိတ်ချစွာ သွားလာနိုင်ခဲ့သော်လည်း ယခုအခါမည်သည့်အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်ဝေခံများက လမ်းပေါ်၌သာမက အိမ်တွင်းအထိ လာရောက်ဖမ်းဆီးမည်ကို စိုးရိမ်ကြောက်လန့်နေရသည့်အခြေအနေအပါအဝင် ခိုးဆိုးလုယက်သူများပေါများလာခြင်းတို့ကို ပြည်သူအများရင်ဆိုင်ကြုံတွေ့နေရသည်။

 

ထို့ပြင် ဖေဖော်ဝါရီ ၁၀ ရက်နေ့က စစ်မှုမထမ်းမနေရ ဥပဒေကို အတည်ပြုလိုက်ခြင်းကြောင့် လူငယ်အများအပြား ပြည်ပနိုင်ငံများသို့ တရားဝင်အပါအဝင် တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် တိမ်းရှောင်နေရသကဲ့သို့ အချို့မှာလည်း စစ်ကောင်စီတပ်သားများ လာခေါ်မည်စိုး၍ အိမ်တွင်မနေရဲဘဲ ပြည်တွင်း၌ တိမ်းရှောင်နေကြပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် သွားရောက်ပူးပေါင်းသူများလည်းရှိသည်။

 

ဓာတ်ပုံ – MOI