မြစ်ဆုံလော်ဘီတွေနဲ့ စစ်အုပ်စုရဲ့ ခြေလှမ်းများ

Author CJ Platform
Categories
Published on Dec 23, 2025

မြစ်ဆုံစီမံကိန်း ပြန်လည်စတင်နိုင်ရေးအတွက် စစ်အုပ်စုက ထုတ်ပြောလာပြီးနောက်မှာ တရုတ်လော်ဘီတွေဟာ မြစ်ဆုံစီမံကိန်းအကြောင်း အမွှန်းရေးသားမှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်လာနေပြီး စီမံကိန်းကန့်ကွက်သူတွေကို ဝိုင်းဝန်းဖိနှိပ်ရေးသားမှုတွေ ဆက်တိုက်လုပ်ဆောင်လာနေတာကို CJ Platform က စိစစ်တွေ့ရှိရပါတယ်။

 

မြစ်ဆုံစီမံကိန်းအတွက် စစ်အုပ်စုနဲ့ တရုတ်လော်ဘီတွေဟာ ကွယ်လွန်သူ မိုးလေဝသပညာရှင် ဆရာဦးထွန်းလွင်ကိုပါ အပုတ်ချတိုက်ခိုက်ပြီး ပညာရှင်ပီသစွာ နိုင်ငံအတွက် အကျိုးရှိစေမယ့် အလုပ်တွေကို မကူညီခဲ့သူ၊ နာဂစ်မုန်တိုင်းအချိန်မှာ ပြည်သူတွေကို အသိမပေးခဲ့သူလို့ သတင်းအမှားတွေပါ အသုံးပြုကာ ရေးသားမှုတွေ ဆက်တိုက် လုပ်ဆောင်လာနေပါတယ်။

 

စစ်အုပ်စုရဲ့ ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အခု ဒီဇင်ဘာ ၁၆ ရက်နေ့က ကချင်ပြည် ခရီးစဉ်အတွင်းမှာ မြစ်ဆုံဆည်ကို ကွန်ကရိကျောက်ဖြည့် တမံအမျိုးအစားနဲ့ တည်ဆောက်သွားမယ်လို့ ပြောကြားမှုအပြီးမှာ မြစ်ဆုံလော်ဘီတွေ ပိုမိုများပြားလာတာကို တွေ့ရှိပါတယ်။

 

ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ မြစ်ဆုံအမှတ်လက္ခဏာမပျောက်ပျက်စေဖို့ တမံအမြင့်၊ ထုတ်လုပ်မှုပမာဏ မဂ္ဂါဝပ်နဲ့ ပတ်သက်ပြီး အဆိုပြုနည်းလည်း (၆) မျိုးနဲ့ အကြိမ်ကြိမ်ဆွေးနွေးခဲ့ပြီးမှ ကွန်ကရိမျက်နှာ ကျောက်ဖြည့်တမံအမျိုးအစားကို အသုံးပြုသွားမှာဖြစ်တယ်လို့ ကချင်ပြည် ခရီးစဉ်အတွင်းမှာ ဆိုပါတယ်။

 

မြစ်ဆုံစီမံကိန်းဟာ အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်မှာ တရုတ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စတင်လုပ်ဆောင်ခဲ့တဲ့ စီမံကိန်းတစ်ခုဖြစ်ပါတယ်။ အဲဒီစီမံကိန်းကို ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ပြည်သူတွေရဲ့ ကန့်ကွက်မှုကြောင့် သူ့ရဲ့ သမ္မတရာထူးသက်တမ်းအတွင်းမှာ ရပ်ဆိုင်းထားမယ်လို့ ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

 

စစ်အုပ်စုဟာ မြန်မာနိုင်ငံအတွင်း တရုတ်စီမံကိန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့မှာ မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုံ တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။

 

ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ် ၂၉ ရက်နေ့မှာလည်း ဧရာဝတီမြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ဆိုတာကိုလည်း ဖွဲ့စည်းထားပြန်ပါတယ်။

 

အခု ဒီဇင်ဘာ ၁၉ ရက်နေ့မှာလည်း စစ်အုပ်စုဟာ သူတို့ခွင့်ပြုထားတဲ့ ကုမ္ပဏီ၊ လုပ်ငန်း၊ စီမံကိန်းတွေကို အထောက်အထား ခိုင်ခိုင်လုံလုံမရှိဘဲ ကန့်ကွက်ပါက ကန့်ကွက်သူ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါသေးတယ်။

 

“မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံကြားမှာ စီမံကိန်းတွေရှိတယ်။ တရုတ်နိုင်ငံရဲ့ စီမံကိန်းတွေ မြန်မာနိုင်ငံမှာ အများကြီးရှိတယ်။ လုပ်ပြီးသား စီမံကိန်းတွေရှိတယ်။ မလုပ်ရသေးတဲ့ စီမံကိန်းတွေရှိတယ်။ မကြာမီမှာ အကောင်အထည်ဖော်မယ့် စီမံကိန်းတွေရှိတယ်။ ဒီဟာတွေကို အကောင်အထည်ဖော် လုပ်ဆောင်နိုင်ဖို့အတွက် လုံခြုံမှုရှိအောင် လုပ်ဆောင်ပေးလျက်ရှိပါတယ်။ ဒီစီမံကိန်းတွေ လုံခြုံရေးအတွက် အထူးအစီအစဉ်တွေကို ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်ပြောချင်တာက ပိုပြီးလုံခြုံမှုရှိသော၊ ပိုပြီးအာမခံချက်ရှိသော အခြေအနေတစ်ရပ် မလွဲမသွေဖြစ်ပေါ်လာမယ်လို့ ပြောချင်ပါတယ်” လို့ စစ်အုပ်စုရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုဒီဇင်ဘာ ၁၄ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

 

ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြားတဲ့ လုံခြုံရေးအထူးအစီအစဉ်ဆိုတာကို စစ်အုပ်စုဟာ အခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့တာကို CJ Platform က လေ့လာတွေ့ရှိရပါတယ်။ ပုဂ္ဂလိကလုံခြုံရေးဆိုင်ရာဝန်ဆောင်မှုဥပဒေဆိုတာကို စစ်အုပ်စုက ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီဥပဒေမှာ နိုင်ငံခြားသားပိုင် လုံခြုံရေးကုမ္ပဏီတွေပါ ဖွဲ့စည်းခွင့်ပေးထားသလို တရားဝင် လက်နက်ကိုင်ဆောင်ခွင့်ကိုပါ ခွင့်ပြုထားတာ တွေ့ရှိရပါတယ်။

 

ဒါဟာ တရုတ်လက်နက်ကိုင်အဖွဲ့တွေ မြန်မာနိုင်ငံအတွင်း တရားဝင်အခြေချလုပ်ကိုင်ခွင့်ကိုပါ ခွင့်ပြုနိုင်တဲ့ အခြေအနေလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ထောက်ပြထားပါတယ်။

 

ပြည်သူတွေ ကန့်ကွက်ခဲ့ကြတဲ့ ကန့်ကွက်နေဆဲဖြစ်တဲ့ မြစ်ဆုံစီမံကိန်းကို စစ်အုပ်စုက ပြန်စတင်ဖို့ ခြေလှမ်းတွေ ပြင်ဆင်အပြီးမှာ တရုတ်လော်ဘီတွေရဲ့ တစ်စခန်းထမှုတွေဟာ လူမှုကွန်ရက် စာမျက်နှာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာနေတာကို တွေ့ရှိရပါတယ်။

 

“လာမယ့် ၁၀ နှစ်လောက်မှာ ကမ္ဘာကြီးက အကြီးအကျယ်ပြောင်းလိမ့်မယ်။ လူရဲ့အသက်က ၁၂၀ လောက် ရှင်သန်နိုင်ဖို့ ရှိပါတယ်။ မြန်မာပြည်မှာ မြစ်ဆုံ ဆောက်တာ မဆောက်တာ ပြင်ပ ကမ္ဘာက ဘယ်သူမှ အရေးမထားဘူး။ လျင်မြန်စွာ သွားနေတဲ့ ရေစီးကြောင်း လိုက်ဖို့ ကြိုးစားတာတောင် မလွယ်ဘူး။ မြန်မာနိုင်ငံရေးသမားတွေပဲ အကုန်ရှုံး၊ အကုန်ကြေ ဆိုတဲ့ ထုံးစံအတိုင်း ကိုယ့်မရသမျှ အကုန်ဖျက်ဆီးမှာပဲ”လို့ လူသိများ ထင်ရှားတဲ့ တရုတ်အစိုးရအကြောင်း အမြဲကောင်းကြောင်း ရေးသားလေ့ရှိသူ အမျိုးသမီးတစ်ဦးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားတာကို တွေ့ရှိပါတယ်။

 

ဒါ့အပြင် “ဦးထွန်းလွင်က တရုတ်မှာ ရေကာတာဆောက်လို့ မြစ်တွေဟာ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ အာချောင်သွားခဲ့တယ်။ အဲ့လိုလျှပ်စစ်တွေထုတ်ပြီး တိုင်းပြည်ဖွံ့ဖြိုးဖို့ ကြိုးစားကြတဲ့အတွက် တရုတ်ပြည်ဟာ လက်ရှိမှာ ကမ္ဘာ့စီးပွားရေးအဖွံ့ဖြိုးဆုံးနိုင်ငံအဖြစ် နံပါတ် ၁ မှာ ရှိနေပြီဆိုတာတော့ သူသိမသွားခဲ့ဘူး။ သူညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ယူထားတဲ့ 2008 ခုနှစ်မှာ မြန်မာပြည်ထဲ နာဂစ်မုန်တိုင်းကြီး တိုက်ခတ်ခဲ့ပါတယ်။ လူပေါင်းသိန်းချီ သေဆုံးခဲ့ပါတယ်။ သူ့ရဲ့ မိုးလေဝသနဲ့ ဇလဗေဒဌာနဟာ ထိရောက်တဲ့ ဘာကြိုတင်သတိပေးချက်မှ မထုတ်ပြန်ခဲ့ပါဘူး။ ဒါကိုကြည့်ရင် သူဟာသူ့ပညာရပ်မှာလည်း အားလုံးမှန်နေတဲ့သူမဟုတ်ဘူးဆိုတာ မြင်နိုင်အောင်ပါ။ ဘယ်သူမဆိုမှားတတ်ပါတယ်”လို့လည်း မြစ်ဆုံလော်ဘီအချို့ဟာ ကွယ်လွန်သူ မိုးလေဝသပညာရှင် ဆရာဦးထွန်းလွင်ကိုပါ တိုက်ခိုက် ရေးသားလာတာကို CJ Platform က တွေ့ရှိရပါတယ်။

 

စစ်အုပ်စုဟာ အာဏာသိမ်းပြီးနောက်ပိုင်း မြင့်တက်လာတဲ့ စစ်အသုံးစရိတ်တွေအပြင် နိုင်ငံတကာပိတ်ဆို့မှုတွေကြောင့် တရုတ်နဲ့ ရုရှားကလွဲပြီး သူ့ရဲ့ နိုင်ငံရေးမျက်နှာစာ ပိတ်ခဲ့ရပါတယ်။ သူ့ရဲ့ ဝင်ငွေရရှိနိုင်ဖို့အပြင် တရုတ်ရဲ့ မျက်နှာသာပေးမှုကို ရယူနိုင်ဖို့အတွက် မြစ်ဆုံဟာ တံစိုးလက်ဆောင်အဖြစ် ပေးအပ်ဖို့ကို သူတို့ရဲ့ ရွေးကောက်ပွဲအလွန်မှာ အကောင်အထည်ဖော်ဆောင်လာနိုင်ပါတယ်။