KTV သွားတဲ့ ရဲသုံးယောက် သီချင်းမဆိုလိုက်ရဘဲ PDF တွေ ဖမ်းဆီးခံရ

မကွေးတိုင်း ပခုက္ကူမြို့နယ် ဘုန်းကံကျေးရွာက စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် သုံးဦးဟာ ပခုက္ကူမြို့ရှိ KTV ကို ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က သွားရောက်စဉ် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ခရီးလမ်းတစ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ Southern YSO PDF က ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။
Southern YSO PDF ရဲ့ ဖမ်းဆီးထိန်းသိမ်းစဉ်မှာ စစ်ကောင်စီ လက်အောက်ခံရဲ တပ်ဖွဲ့ဝင်တွေရဲ့ ဖုန်း ၃ လုံး၊ ငွေကျပ် ၁၉၈,၀၀၀ ကျပ်နဲ့ လက်ပစ်ဗုံး ၂ လုံး တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် သုံးဦးမှာ ရဲဒုတပ်ကြပ်-သီဟအောင် ၊ ရဲတပ်သားလှဘုန်း ၊ ရဲတပ်သား စည်သူလွင် တို့ဖြစ်ပြီး ပခုက္ကူမြို့နယ် ဘုန်းကံကျေးရွာ စစ်ဆေးရေးဂိတ်မှာ တာဝန်ထမ်းဆောင်နေသူတွေဖြစ်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ စစ်ကောင်စီတပ်လက်အောက်ခံ ရဲတွေကို ဥပဒေအရ စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး စစ်သုံပန်း ဥပဒေအတိုင်း ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ Southern YSO PDF ကထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – Southern YSO PDF