“ကမ္ဘာရွှေဈေးဆက်တက်နေသလို မြန်မာရွှေဈေးလည်းတက် ” “ဒီတစ်ပတ် ရွှေစျေး အတက်အကျ” (မတ်လ ၁၆  ရက်ကနေ ၂၂ ရက်နေ့အထိ)

Published on Mar 23, 2025

ဆက်လက်မြင့်တက်နေဆဲဖြစ်တဲ့ ကမ္ဘာရွှေဈေးနှုန်းတွေဟာ ဒီတစ်ပတ်မှာလည်း ဆက်လက်မြင့်တက်နေဆဲ ဖြစ်တာကို တွေ့ရသလို မြန်မာ့ရွှေဈေးနှုန်းတွေလည်း မြင့်တက်လာတာကို တွေ့ရပါတယ်။

 

ပြင်ပရွှေဈေးကွက်ထဲ ၁၆ ပဲရည်တစ်ကျပ်သားကို ပြီးခဲ့တဲ့အပတ်ကလို ဒီတစ်ပတ်မှာလည်း ရှစ် သောင်းကျပ် ဆက်လက်မြင့်တက်ခဲ့ပြန်ပါတယ်။

 

ဒီတစ်ပတ်ထဲ ကြာသပတေးနေ့မှာ ၆၈ သိန်း သုံးသောင်းအထိ အမြင့်ဆုံးတက်ခဲ့ပြီး ဒီတစ်ပတ်ရဲ့ နောက်ဆုံး စနေနေ့မှာတော့ ၆၈ သိန်း တစ်သောင်းနဲ့ ဈေးကွက်ပိတ်သွားခဲ့တာပါ။

 

တစ်ပတ်လုံးအတိုင်းအတာအရ အကယ်ဒမီ မီးလင်းရွှေ ၁၆ ပဲရည်တစ်ကျပ်သားကို ရှစ်သောင်းကျပ် မြင့်တက်လာတာကို တွေ့ရှိရပြီး စစ်ကောင်စီဩဇာခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA)ရဲ့ ရည်ညွှန်းရွှေဈေးနှုန်းကတော့ တစ်ကျပ်သားကို တစ်သိန်းကျပ် မြင်တက်သွားတာကို တွေ့ရပါတယ်။

 

ကမ္ဘာ့ရွှေဈေးကွက်ကတော့ ဈေးနှုန်းတွေဆက်လက်မြင့်တက်နေပြီး အရင်အပတ်ကထက် တစ်အောင်စကို အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၃ ဒေါ်လာမြင့်တက်လာကာ ဒီတစ်ပတ်ရဲ့ ဈေးကွက်ပိတ်ချိန်မှာ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၃၀၂၃ ဒေါ်လာနီးပါးနဲ့ ဈေးကွက်ပိတ်ခဲ့ပါတယ်။

 

ဒီတပတ်ရဲ့ စနေနေ့ ရွှေဈေးနှုန်းတွေကတော့ အကယ်ဒမီမီးလင်းရွှေ ၁၅ ပဲရည်တစ်ကျပ်သား ၆၄ သိန်း တစ်သောင်း၊ ၁၆ ပဲရည်တစ်ကျပ်သား ၆၈ သိန်း တစ်သောင်းရှိခဲ့ပြီး YGEA ရည်ညွှန်းဈေးကတော့ ၁၆ ပဲရည်တစ်ကျပ်သား ၅၅ သိန်း ရှစ်သောင်း ကျပ်ဈေးဖြစ်ပါတယ်။