“ဒီကနေ့ အောက်တိုဘာ ၂၄ ရက်နေ့အတွက် မိုးလေဝသခန့်မှန်းချက်”ဒါနာမုန်တိုင်းရှိန်ကြောင့် မန္တလေးအပါအဝင် တိုင်းနဲ့ ပြည်နယ် လေးခုမှာ မိုးကြီးနိုင်

Published on Oct 24, 2024

“မိုးကြီးနိုင်တဲ့ ဒေသများ”

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ ဒါနာမုန်တိုင်းရဲ့ အရှိန်ကြောင့် ဒီကနေ့ အောက်တိုဘာ ၂၄ ရက် ညနေပိုင်းအထိ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နဲ့ ချင်းပြည်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ စစ်ကောင်စီမိုးဇလရဲ့ခန့်မှန်းချက်အရ သိရပါတယ်။

 

ဒါ့အပြင် ရှမ်းပြည်(အရှေ့ပိုင်း)နဲ့ ကရင်နီ(ကယား)ပြည်တို့မှာ နေရာကွက်ကျား၊ ကရင်ပြည်မှာ နေရာကျဲကျဲ၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ရှမ်းပြည်(တောင်ပိုင်း)နဲ့ မွန်ပြည်တို့မှာ နေရာစိပ်စိပ်မိုးရွာသွန်းနိုင်ပြီး ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး မိုးရွာဖို့ရာနှုန်းပြည့်ဖြစ်တယ်လို့ မိုးဇလကခန့်မှန်းထားပါတယ်။

 

“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”

 

ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ကနေ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပြောင်းလဲသွားတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ဒါနာ” (DANA)ဟာ အနောက်မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်း “ဒါနာ”(DANA)အဖြစ်ကို ရောက်ရှိခဲ့ပြီးဖြစ်တယ်လို့ စစ်ကောင်စီမိုးဇလက ဆိုပါတယ်။

 

အဲဒီမုန်တိုင်းဟာ ရခိုင်ပြည်၊ ဂွမြို့ရဲ့ အနောက်- အနောက် မြောက်ဘက် ရေမိုင် ၃၆၅ မိုင်ခန့်နဲ့ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်၊ ဒမ်မရာမြို့(Dhamara)ရဲ့ တောင်-အရှေ့တောင်ဘက် ရေမိုင် ၁၆၅ မိုင်ခန့်အကွာမှာရှိနေပြီး အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီ ၅၅ မိုင်ကနေ မိုင် ၆၅ နှုန်းခန့် ရှိနိုင်တယ် လို့  မိုးဇလကခန့်မှန်းထားပါတယ်။

 

ဒါ့အပြင် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ အလယ်ပိုင်းတို့မှာ တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းနေတယ်လို့လည်း ဆိုပါတယ်။

 

အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်း “ဒါနာ” ဟာ အနောက်မြောက်ဘက်ကို ဆက်လက် ရွေ့လျားပြီး မနက်ဖြန် အောက်တိုဘာ၂၅ ရက်နေ့ မနက်အစောပိုင်းမှာ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းနဲ့ အနောက်ဘင်္ဂလားပြည်နယ် ကမ်းခြေတို့ရှိ ပူရီမြို့(Puri)နဲ့ ဆာဂါကျွန်း(Sagar Island)တို့အကြား ဒမ်မရာမြို့ (Dhamara)အနီးမှ ဖြတ်ကျော်နိုင်မယ်လို့ စစ်ကောင်စီမိုးဇလက ဒီနေ့မနက်မှာ အသိပေးထားပါတယ်။

 

“မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ”

စစ်ကိုင်းတိုင်း(အထက်ပိုင်း)နဲ့ ကချင်ပြည်တို့မှာ မိုးတိမ်တောင်များ ဖြစ်ထွန်းနေပြီး အဲဒီမိုးတိမ်တောင်တွေ ရွေ့လျားရာတစ်လျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာတို့ ဖြစ်ပေါ်နိုင်လို့ စစ်ကောင်စီ မိုးဇလက ကြိုတင်သတိထားကြဖို့ အကြံပြုထားပါတယ်။

 

“ပင်လယ်ပြင်လှိုင်းအမြင့်”

 

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအလွန်ကြီးမယ်လို့ မိုးဇလကဆိုထားပါတယ်။

 

မိုးသက်လေပြင်းကျချိန် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို မိုင် ၅၀ မှ ၅၅ မိုင်အထိ တိုက်ခတ်နိုင် သလို လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့မှာ ၁၁ ပေ မှ ၁၅ ပေခန့် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

 

ဒါ့အပြင် မုတ္တမကွေ့၊ မွန်- တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာလည်း ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမှာဖြစ်သလို မိုးသက်လေပြင်းကျချိန် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၉ ပေ ကနေ ၁၁ ပေခန့်ရှိနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

“နောက်နှစ်ရက်အတွက်ခန့်မှန်းချက်”

နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နဲ့ မွန်ပြည်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

Source – မိုးဇလ