မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားခွင့် ပြုနေတာဟာ အတော်လေး ရက်စက်ရာကျတယ်လို့ မလေးရှားဝန်ကြီးချုပ်ပြော

Author CJ Platform
Categories
Published on Jan 23, 2025

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ အိမ်နီးချင်းနိုင်ငံတွေကိုပါ သက်ရောက်မှုတွေရှိနေတာကြောင့် မြန်မာ့အရေးကို ချက်ချင်း အလေးထားဆောင်ရွက်ရမယ်လို့ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ယမန်နေ့ ဇန်နဝါရီ ၂၂ ရက်မှာ ပြောဆိုလိုက်တယ်လို့ ဒေသတွင်း သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

မြန်မာ အာဏာပိုင်တွေရဲ့ လုပ်ရပ်တွေကို ပြည်သူလူထုတွေက ‌တော်လှန်တိုက်ခိုက်နေမှုတွေဟာ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို သက်ရောက်မှုတွေရှိနေတဲ့အတွက် အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) အနေနဲ့ ခိုင်မာတဲ့ ရပ်တည်ချက် ထားရှိဖို့ လိုအပ်နေပြီလို့လည်း သူက ဆက်ပြောပါတယ်။

 

“အဓိက အရေးကြီးတဲ့အချက်က တချို့သော အုပ်စုတွေ သို့မဟုတ် လူနည်းစုအုပ်စုတွေကို ခွဲခြားဆက်ဆံခြင်းမရှိဘဲ ငြိမ်းချမ်းရေး ရရှိအောင် လုပ်ဆောင်နိုင်ဖို့ပဲဖြစ်ပါတယ်” လို့ မစ္စတာ အန်ဝါက Bernama သတင်းဌာနကို ပြောပါတယ်။

 

ဒါ့ပြင် (ပြေလည်အောင်ဖြေရှင်းဖို့) နှောင့်နှေးနေခဲ့မယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်နဲ့ မလေး‌ရှားနိုင်ငံတွေမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေ အပါအဝင် လူအများအပြား ထိခိုက်ခံစားကြရပါလိမ့်မယ်လို့လည်း သူက ဆက်ပြောပါတယ်။

“ဒါကို (မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေကို) ဆက်ပြီး ဖြစ်ပွားဖို့ခွင့်ပြုတာက တကယ့်ကိုပဲ ရက်စက်ရာကျလွန်းပါတယ်” လို့ မစ္စတာအန်ဝါက ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ ASEAN မျက်နှာစုံညီအစည်းအဝေးမှာ ပြောပါတယ်။

 

ယမန်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မလေးနိုင်ငံကို ဦးတည်ပြီး လှေနဲ့ထွက်လာတဲ့ ရိုဟင်ဂျာရွှေ့ပြောင်းဒုက္ခသည် ၄၉ ဦးကို ထိုင်းနိုင်ငံ ဖူးခက်ကျွန်းအနီးမှာတွေ့ရှိရတယ်လို့ AFP သတင်းဌာနက ဖော်ပြပါတယ်။

 

မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာဝင် အများအပြားရှိတာ ဖြစ်တဲ့အတွက် မူဆလင်ရိုဟင်ဂျာအများစု‌အပေါ် ခွဲခြားဆက်ဆံမှုတွေ ရှိနေတာကြောင့် ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဒုက္ခသည်စခန်းတွေဆီ ထွက်ပြေးတာ ဒါမှမဟုတ် ထိုင်းနိုင်ငံကနေတဆင့် အန္တရာယ်များလှတဲ့ ပင်လယ်ခရီးကို ဖြတ်ပြီး မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေဆီရောက်နိုင်ဖို့ ကြိုးပမ်းမှုတွေလည်း ရှိနေပါတယ်။

 

လက်ရှိမှာ မလေးရှားနိုင်ငံအတွင်း မြန်မာဒုက္ခသည်ပေါင်း ၂၀၀,၀၀၀ ဝန်းကျင်ရှိတယ်လို့လည်း သိရပါတယ်။

 

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်အစပိုင်းမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း နိုင်ငံတဝန်း လက်နက်ကိုင်တော်လှန်မှုတွေ အများအပြားရှိခဲ့တာကြောင့် ပဋိပက္ခကြီးကြီးမားမား ဖြစ်နေပြီး လူပေါင်း သိန်းနဲ့ချီ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။

 

ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် မြန်မာစစ်အစိုးရအပေါ် နိုင်ငံတကာနဲ့ အတိုက်အခံတွေက ပြစ်တင်ရှုတ်ချပြောဆိုမှုတွေ အများအပြားရှိနေပေမဲ့ စစ်အစိုးရကတော့ ဒီနှစ် ၂၀၂၅ ခုနှစ်အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပပြုလုပ်မယ်လို့ ကြေညာထားပါတယ်။

 

နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီအသွင်ဆောင်ထားတဲ့ စစ်အုပ်ချုပ်ရေးကို ဆက်လက်ထိန်းသိမ်းဖို့ ကြိုးပမ်းချက်ဖြစ်တယ်လို့ ထောက်ပြနေကြပါတယ်။

 

ဓာတ်ပုံ – Bernama Photo

 

ပုံစာ- ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ ASEAN မျက်နှာစုံညီအစည်းအဝေးမှာ စကားပြော‌ဆိုနေတဲ့ မလေးရှားဝန်ကြီးချုပ်ကို တွေ့စဉ်

 

ကိုးကား- Free Malaysia Today