စစ်မာရ်နတ်ကို အောင်မြင်ပါစေကြောင်း မန်းက အမျိုးသမီးငယ်တွေ တော်လှန်ကဆုန်ညောင်ရေသွန်း

မန္တလေးသပိတ်အင်အားစု လူငယ်အမျိုးသမီးတွေက ဒီနေ့ကျရောက်တဲ့ ကဆုန်လပြည့်နေ့ မေလ ၂၂ ရက်မှာ တော်လှန်ကဆုန်ညောင်ရေသွန်းလှုပ်ရှားမှုတစ်ရပ်ပြုလုပ်ခဲ့ပါတယ်။
ကဆုန်လပြည့် နေ့မြတ်မှာ ဗုဒ္ဓက မာရ်နတ်ကို အောင်မြင်တော်မူခဲ့ပါတယ်။ အဲဒီလို နေ့ထူးနေ့မြတ်မှာ မာရ်နတ်ထက်ဆိုးရွားလှတဲ့ စစ်မာရ်နတ်အကြမ်းဖက်စစ်အာဏာရှင်စနစ်ကိုတော်လှန်နေတဲ့ ပြည်သူ့နွေဦးတော်လှန်ရေးကြီး အမြန်ဆုံးအောင်မြင်ပါစေလို့ အဲဒီသပိတ်အင်အားစုက ဆန္ဒပြုရေးသားထားပါတယ်။
ဒီနေ့ကျရောက်တဲ့ ကဆုန်လပြည့်နေ့မှာ ‘တော်လှန်ကဆုန်ညောင်ရေသွန်းပွဲတော်’ကို နေရာအနှံ့လှုပ်ရှားဆောင်ရွက်ဖို့ တော်လှန်ရေးအင်အားစုအသီးသီးက နှိုးဆော်မှုတွေပြုလုပ်ခဲ့ကြပါတယ်။
ဒါကြောင့် တော်လှန်ပြည်သူတွေနဲ့ သပိတ်အင်အားစုတွေဟာ ပုံသဏ္ဍာန်မျိုးစုံနဲ့ တော်လှန်ကဆုန်ညောင်ရေသွန်းပွဲတော်ကို ထုတ်ဖော်ဆင်နွှဲကြတာမြင်တွေ့ရပါတယ်။
ဓာတ်ပုံ – မန္တလေးသပိတ်အင်အားစု