ရာဇဝတ်စီးပွားရေးလုပ်ဆောင်မှုတွေအတွက် ကရင် BGF/KNA တပ် ခေါင်းဆောင် စောချစ်သူ မိသားစု တာဝန်ခံရမယ်လို့ JFM ပြော

Author အညာသား
Categories
Published on May 22, 2024

နိုင်ငံတဝန်း စစ်ကောင်စီနဲ့ လက်တွဲပြီး ကရင် BGF/KNA ရဲ့ ရာဇဝတ်စီးပွားရေးလုပ်ငန်းတွေအတွက် ခေါင်းဆောင် ဗိုလ်မှူး စောချစ်သူနဲ့ မိသားစုဝင်တွေ တာဝန်ခံရမယ်လို့ Justice For Myanmar-JFM ရဲ့ ဒီနေ့ မေလ ၂၂ ရက်မှာ ထုတ်ပြန်လာတဲ့ အစီရင်ခံစာထဲ ထည့်သွင်းဖော်ပြထားပါတယ်။

ကရင်ပြည်ထဲ ရာဇဝတ်စီးပွား ကွန်ရက်တစ်ခုတည်ဆောက်ပြီး တရားမဝင်ကုန်သွယ်မှု၊ ရာဇဝတ်ခရီးသွားလုပ်ငန်းပုံစံတွေ၊ သတ္တုတူးဖော်ရေး၊ နိုင်ငံတကာနဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုဆိုင်ရာတွေမှာ စောချစ်သူ(ခ)စံမြင့်ရဲ့ BGF နာမည်ပြောင်း ကရင်အမျိုးသားတပ်(KNA)က ပါဝင်ပတ်သက်နေတဲ့အပေါ် JFM က ထည့်သွင်းပြောဆိုခဲ့တာပါ။

JFM ဟာ သားနှစ်ယောက်၊ သမီးတစ်ယောက်ရှိတဲ့ BGF/KNA ခေါင်းဆောင် ဗိုလ်မှူး စောချစ်သူရဲ့ ရာဇဝတ်စီးပွားကွန်ရက်ကို သုတေသနဆန်းစစ်ချက်ပြုလုပ်ပြီး အပိုင်းလေးပိုင်းနဲ့ စုံစမ်းဖော်ထုတ်ခဲ့တာပါ။

 

တရားမဝင်ကုန်သွယ်မှုနဲ့ပတ်သက်လို့ ကရင် BGF/KNA တပ်ဟာ သောင်ရင်းမြစ်တလျောက် သူတို့ ထိန်းချုပ်ထားတဲ့ တရားမဝင်နယ်စပ်ဖြတ်ကျော်ဂိတ်တွေကိုဖြတ်ပြီး တရားမဝင်ကုန်သွယ်မှုတွေဆီက နှစ်စဉ်အခွန်ငွေ “ဒေါ်လာဘီလျံချီ ရှိနိုင်သော” များပြားလှတဲ့ ဝင်ငွေတွေကို ရရှိနေတယ်လို့ JFM က ဆိုပါတယ်။

အကျိုးအမြတ်များတဲ့ ကုန်စည်တွေမှာ မော်တော်ယာဉ်၊ လောင်စာဆီ၊ လျှပ်စစ်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်းနဲ့ အရက်ဘီယာတွေပါဝင်ပြီး တချို့ကို ကရင် BGF/KNA တပ်ကုမ္ပဏီတွေကပဲ တင်သွင်း၊ ဖြန့်ဖြူးပါတယ်။ ကရင် BGF/KNA တပ်ဟာ မြစ်တစ်လျောက် သူတို့ဆိပ်ကမ်းတွေကနေ ဖြတ်သန်းသူတွေကိုလည်း အခွန်ကောက်ခံတယ်လို့ ဖော်ပြပါတယ်။

ရာဇဝတ်ခရီးသွားလုပ်ငန်းနဲ့ပတ်သက်လို့ ကရင်ပြည် မြို့တော် ဘားအံအနီးရှိ ချစ်သူမြိုင်အပန်းဖြေစခန်းဟာ ဆိုင်ခန်းတွေနဲ့ အခွန်လွတ်ဆိုင်ပါဝင်တဲ့ အပန်းဖြေဥယျာဉ်တစ်ခုဖြစ်ပြီး အပန်းဖြေဥယျာဉ်ကို ခရိုနီစီးပွားရေးလုပ်ငန်းစု ထူးအုပ်စုရဲ့ Air Bagan လေကြောင်းလိုင်းက လက်ရှိအသုံးမပြုတော့တဲ့ လေယာဉ်တစ်စင်းနဲ့ အလှဆင်ထားပါတယ်။ အခွန်လွတ်ဆိုင်တွေဟာ အရက်၊ ဆေးလိပ်၊ လက်ဝတ် ရတနာတွေနဲ့ ဖက်ရှင်တွေ၊ အခြားပစ္စည်းတွေကိုလည်း ရောင်းချပါတယ်။

သတ္တုတူးဖော်ရေးလုပ်ငန်းဟာ ကရင် BGF/KNA တပ်အတွက် ဝင်ငွေရင်းမြစ်တစ်ရပ်အဖြစ် ကာလရှည်ဖြစ်တည်လာမှုနဲ့အတူ လူမှုဝန်းကျင်နဲ့ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်ပျက်စီးစေခဲ့ပါတယ်။ ချစ်လင်းမြိုင်သတ္တုတူးဖော်ရေးနဲ့ စက်မှုလက်မှုကုမ္ပဏီလီမိတက်ကို စံမြင့်(စောချစ်သူ)မိသားစုက ၆၈ ရာခိုင်နှုန်း ထိန်းချုပ်ထားပါတယ်။

 

စံမြင့်(စောချစ်သူ)နဲ့ သူ့ရဲ့ မိသားစုနဲ့ တခြားအနည်းစု ကရင် BGF/KNA တပ်ဖွဲ့ဝင်တချို့ဟာ တရုတ်၊ ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယားနဲ့ စင်ကာပူနိုင်ငံသားလက်မှတ်တွေ ကိုင်ဆောင်ထားတဲ့ ရာဇဝတ်လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဖက်ဆောင်ရွက်ပြီး ကြီးမားတဲ့ ရာဇဝတ်စီးပွားကွန်ရက်တစ်ခုကို တည်ဆောက်ထားတာဖြစ်ပါတယ်။

 

အဲဒီရာဇဝတ်စီးပွားကွန်ရက်ဟာ ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်သလို ကရင် BGF/KNA တပ်နဲ့ သူတို့ရဲ့မိသားစုတွေဟာ ဒေသခံလူထုအပြင် ကျွန်သဖွယ်ဖိနှိပ်ခံရသူတွေ၊ ဆိုက်ဘာငွေလိမ်လုပ်ငန်းကြောင့် နေရာအနှံ့က သားကောင်ဖြစ်ရသူ မြန်မာနဲ့ ကမ္ဘာတစ်လွှားက အလုပ်သမားတွေအပေါ် အများကြီး အတိဒုက္ခတို့ကို ဖြစ်စေပြီးမှ သူတို့ ကြွယ်ဝချမ်းသာအောင် တည်ဆောက်ခဲ့ကြတာဖြစ်တယ်လို့ JFM ရဲ့ သုတေသနဆန်းစစ်ချက်မှာ ဖော်ပြထားပါတယ်။

 

JFM အနေနဲ့ ကရင် BGF/KNA တပ် လူပုဂ္ဂိုလ်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ နာမည်စာရင်းတွေအပြင် ပိုင်ဆိုင်တဲ့ ကုမ္ပဏီနာမည်တွေကိုပါ နာမည်စာရင်းအတိအကျနဲဖော်ပြပြီး သူတို့လုပ်ငန်းတွေကို မရပ်တန့်နိုင်ဘူးဆိုရင် အဲဒီရာဇဝတ်စီးပွားရေးလုပ်ငန်းတွေဟာလည်း ဆက်လက်လည်ပတ်နေမှာဖြစ်တယ်လို့ ရေးသားဖော်ပြထားပါတယ်။

 

ဒီလို ကမ္ဘာကို ခြိမ်းခြောက်နိုင်တဲ့ ရာဇဝတ်စီးပွားရေးတွေလုပ်ဆောင်နေတဲ့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ နိုင်ငံတကာရာဇဝတ်ဥပဒေ ချိုးဖောက်မှုတွေ၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေမှာ ဆင်လက်ပါဝင်ပတ်သက်မှုတွေရှိနေပေမဲ့ BGF/KNA တပ်က လူပုဂ္ဂိုလ်နှစ်ဦးနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်တစ်ဦးကိုသာ ယူကေတစ်နိုင်ငံတည်းက ဒဏ်ခတ်ပိတ်ဆို့ထားပါတယ်။

 

ဒါကြောင့် နိုင်ငံတကာအစိုးရတွေအနေနဲ့ ကရင် BGF/KNA တပ်၊ စံမြင့်(စောချစ်သူ)နဲ့ သူ့ရဲ့မိသားစုအပါအဝင် အဲဒီအဖွဲ့အစည်းရဲ့ ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ်တွေရဲ့ ကွန်ရက်အပေါ် တညီတညွတ်တည်း ဒဏ်ခတ်ပိတ်ဆို့မှုများ အမြန်ဆုံးချမှတ်ဖို့ Justice For Myanmar က တောင်းဆိုလိုက်ပါတယ်။

 

လက်ရှိ စောချစ်သူနဲ့ သားသမီးသုံးဦးတို့ရဲ့ ရှယ်ယာတွေကို ပေါင်းစည်းလိုက်မယ်ဆိုပါက သူတို့မိသားစုဟာ ကရင် BGF/KNA တပ်စီးပွားရေးလုပ်ငန်း ၆ ခုရဲ့ ၅၀ ရာခိုင်နှုန်း သို့မဟုတ် ထိုထက်ပိုပြီး ပိုင်ဆိုင်ထားတယ်လို့ စစ်အုပ်စုက ပိတ်ပင်လိုက်ခြင်းမပြုမီ ၂၀၂၂ ခုနှစ် မြန်မာကော်ပိုရိတ် မှတ်ပုံတင်မှတ်တမ်းတွေအရ သိရတယ်လို့ JFM က စစ်တမ်းက ဆိုပါတယ်။

 

စောချစ်သူတို့ မိသားစု ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီတွေနဲ့ ရှယ်ယာရာခိုင်နှုန်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ ချစ်လင်းမြိုင်တိုယိုတာကုမ္ပဏီလီမိတက် (၆၅ ရာခိုင်နှုန်း)

၂။ ချစ်လင်းမြိုင်သတ္တုတူးဖော်ရေးနှင့် စက်မှုကုမ္ပဏီ (၆၈ ရာခိုင်နှုန်း)

၃။ ဒေါနသန်လွင်ကုမ္ပဏီလီမိတက် (၆၀ ရာခိုင်နှုန်း)

၄။ ထူးသစ္စာအောင်ကုမ္ပဏီလီမိတက် (၈၀ ရာခိုင်နှုန်း)

၅။ ထူးမေတ္တာထူးကုမ္ပဏီလီမိတက် (၇၀ ရာခိုင်နှုန်း)

၆။ ရွှေပဒေသာမြိုင်ကုမ္ပဏီလီမိတက် (၅၀ ရာခိုင်နှုန်း)

 

စံမြင့် (စောချစ်သူ)နဲ့ သူ့ရဲ့မိသားစုဟာ မြန်မာစစ်အုပ်စုရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ သူတို့ရဲ့ တရားမဝင်စီးပွားရေးလုပ်ငန်းတွေကနေတစ်ဆင့် ရရှိတဲ့ ငွေကြေးတွေနဲ့ ခမ်းနားစွာ နေထိုင်နေကြတယ်လို့ JFM က ဆိုပါတယ်။

 

ဓာတ်ပုံ – Justice For Myanmar(JFM)