PNLA စစ်ဦးစီးချုပ် နေအိမ်အပါအဝင် အိမ် ၇ လုံး PNO ပြည်သူ့စစ် ဖြိုချမီးရှို့ခံရဟုဆို

Published on Apr 22, 2024

ရှမ်းပြည်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) စစ်ဦးစီးချုပ် နေအိမ်အပါအဝင် အိမ် ၇ လုံးကို ဖြိုချဖျက်ဆီးကာ မီးရှို့ခံရသည်ဟု ယမန်နေ့ ဧပြီလ ၂၁ ရက် PNLA ထုတ်ပြန်ချက်အရ သိရသည်။

 

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဒုတိယ ဥက္ကဋ္ဌ ၂ လည်းဖြစ်သူ၏ နေအိမ်ကို တော်လှန်ရေးဦးဆောင်လုပ်နေသည်ဟုဆိုကာ PNO ပြည်သူ့စစ် အုပ်ချုပ်ရေးမှူး ဦးထွန်းနောင်ခေါင်းဆောင်သည့်အဖွဲ့များနှင့် အထူးကွန်မန်ဒိုတပ်ရင်းမှ တပ်ဖွဲ့ဝင်များက ဖြိုချဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု PNLA သတင်းတာဝန်ခံ ခွန်ရိန်းယံက CJ Platform သို့ပြောသည်။

 

“သူတို့ ဖြိုချဖျက်ဆီးတာက အဓိကကတော့ ကျွန်တော်တို့ ဥက္ကဋ္ဌက တော်လှန်ရေးကို ဦးဆောင်နေတဲ့သူဆိုတော့ နေအိမ်ကို ဖြိုချဖျက်ဆီးတာပေါ့။ တော်လှန်ရေးကို လုပ်ချင်ဦးပေါ့။ တော်လှန်ရေးလုပ်နေတာ။ အသက်ကို စွန့်လွှတ်ပြီးသားဖြစ်တယ်။ ဒီလိုလုပ်လို့လည်း တော်လှန်ရေးသမားတွေကို မထိခိုက်စေပါဘူး။ ပိုပြီးတော်လှန်လိုစိတ်ဖြစ်လာမှာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

 

နေအိမ်ဖြိုချဖျက်ဆီးခံရသူများထဲတွင် တော်လှန်ရေးရဲဘော်များ၏ မိဘများပိုင်ဆိုင်သော နေအိမ်များလည်းပါဝင်ပြီး ထိုအထဲ ကုန်စုံဆိုင်တစ်ခုလည်းပါဝင်သည်ဟု ၎င်းက ဆိုသကဲ့သို့ တန်ဖိုးအားဖြင့် သိန်းသောင်းချီဆုံးရှုံးခဲ့သည်ဟု အထက်ပါသတင်းတာဝန်ခံက ဆက်ပြောသည်။

 

“တစ်အိမ်ဆို ကုန်စုံဆိုင်။ တော်လှန်ရေးရဲဘော်တွေရဲ့ မိသားစုနေအိမ်ကိုဖျက်ဆီးတာကတော့ ရဲဘော်တွေရဲ့ မိဘပိုင်တဲ့အိမ် ရဲဘော်တွေပိုင်တာမဟုတ်ပါဘူး။ သူတို့က ပြောတာကလေ။ ခင်ဗျားတို့က ဒီလိုမျိုး သားသမီးတွေမွေးလာလို့ တော်လှန်ရေးလုပ်နေတာလို့ပြောတယ်။ မိဘက သားသမီးကို ဟိုလိုလုပ်ပါ။ ဒီလိုလုပ်ပါလို့ ပြောလို့မှမရတာ။ တော်လှန်ရေးလုပ်မယ့်သူကို ငါမမွေးချင်ဘူးလို့လည်း ပြောလို့မှမရတာ။ သားသမီးက ဒီလိုလုပ်လို့ မိဘကို ဒီလိုလုပ်တယ်ဆိုတာ တော်တော်ကိုအောက်တန်းကျပါတယ်” ဟု ခွန်ရိန်းယံက ပြောသည်။

 

PNLA စစ်ဦးစီးချုပ်နေအိမ်အပါအဝင် အိမ် ၇ လုံးကို မီးရှို့ခဲ့သော စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တပ်သားများသည် အိမ်တွင်းရှိ ပရိဘောဂများနှင့် အဖိုးတန်ပစ္စည်းများကိုယူဆောင်သွားသည်ဟု ၎င်းက ပြောသည်။

 

စစ်ကောင်စီတပ်သည် ဧပြီလ ၂၀ ရက်နေ့က ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်သဖြင့် အများပြည်သူသုံးလမ်းမပေါ်နှင့် တောင်ယာထဲသို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

 

ဓာတ်ပုံ – PNLA