မြန်မာ့အရေး အာဆီယံပေးတဲ့ ဟာသတွေ

အာဆီယံအလှည့်ကျဥက္ကဌ မလေးရှားနိုင်ငံလက်ထက်မှာ မြန်မာ့အရေးဟာ နည်းနည်းပါးပါးတော့ အရာထင် ကောင်းပါရဲ့လို့ သေးသေးမွှားမွှား မျှော်လင့်ချက် ထားခဲ့ကြတယ်။
မလေးရှားနိုင်ငံဆိုတာက မြန်မာစစ်တပ်ရဲ့ စစ်အာဏာသိမ်းမှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့တဲ့နိုင်ငံ၊ လက်ရှိမလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ဆိုတာကလည်း စစ်ကောင်စီ မျက်မုန်းကျိုးလောက်တဲ့အ ထိ မာမာထန်ထန် ဝေဖန်ခဲ့သူ။၂၀၂၃ခုနှစ်၊ဖေဖေါ်ဝါရီ၁၀ရက်၊မလေးရှား-ထိုင်း ကုန်သည်ကြီးများအသင်းက ကျင်းပတဲ့ “အာဆီယံရဲ့ အနာဂတ်”ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ ဝန်ကြီးချုပ်အီဘရာဟင်က မြန်မာကို အာ ဆီယံ အဖွဲ့ဝင်အဖြစ်ကနေ လောလောဆယ် ဖယ်ထုတ်ထားရမယ် အထိ ပြောကြားခဲ့သူ။ပြောရရင် မလေးရှား ဆို တာ အာဆီယံမှာ သဘာအရရော မြန်မာ့အရေး ရပ်တည်ချက်အစဉ်အလာအရပါ မျှော်လင့်ချက်ထားချင်စရာ မဟုတ်လား။
ဒါပေမဲ့၊၂၀၂၂ခုနှစ်၊ဒီဇင်ဘာ၂၁ရက်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ဆုံးဖြတ်ချက်-၂၆၆၉ကို ကန့် ကွက်သူမရှိ အတည်ပြု။ဒီဇင်ဘာ၂၃ရက်မှာ မြန်မာ့ဒီမိုကရေစီရေးအတွက် အရေးပါတဲ့ အထောက်အပံ့ Burma Act ဆိုတာကြီးကို အမေရိကန်သမ္မတဘိုင်ဒန်က လက်မှတ်ရေးထိုး အာဏာတည်။၂၀၂၃ခုနှစ်ရဲ့ အာ ဆီယံအလှည့်ကျဥက္ကဌက မြန်မာ့ပြည်သူဘက်က ရပ်ခံနေတဲ့ အင်ဒိုနီးရှားနိုင်ငံမဟုတ်လား။ဒါ့ကြောင့် ၂၀၂၃ ခုနှစ်အပေါ် ကျနော်တို့ အကောင်းမြင် မျှော်လင့်ချက်ကြီးခဲ့ကြပြီး ဟက်တက်။ နိုင်ငံတကာဆိုတာ အကောင် ကြီးပေမဲ့ အစွယ်မရှိတဲ့ ဆင်ပြင်ကြီးတစ်ကောင်မှန်း၊ အာဆီယံဆိုတာ အကန့်အသတ်ပေါင်းများစွာကြား ခြေ တစ်လှမ်းရွေ့ဖို့တောင် ခက်ခဲမှန်း သင်ခန်းစာတွေ ရခဲ့ကြတယ်။အဲဒီလို သင်အံခဲ့ရမှုတွေကြောင့် ၂၀၂၅ ခုနှစ် အာဆီယံဥက္ကဌ မလေးရှားနိုင်ငံ အပေါ် မျှော်လင့်ချက်မကြီးခဲ့ပေမဲ့ ဘာပဲဖြစ်ဖြစ် ဟာသတွေတော့ ဖြစ်မ လာ ဘူးလို့ ယုံကြည်ခဲ့ကြ။အခုတော့ မရိုးနိုင်တဲ့ ဟာသတွေနဲ့ မလေးရှားဝန်ကြီးချုပ် အီဘရာဟင်။လောကဓံ ပြီး လောကဓံနဲ့ ငရဲမှာ အလျားလိုက် ကူးခတ်နေတဲ့ မြန်မာပြည်သူတွေကို ဟာဒယရွှင်ဆေး တိုက်ကျွေးလိုက်တာ မှ လွန်ရော။
ဖျက်အားပြင်းငလျင်ဆိုးကြီးက တဲတဲကလေးမြန်မာကို ထက်ခြမ်းခွဲ ဖျက်ဆီးပစ်လိုက်ပြီး အဲဒီငလျင်အ ကြောင်းပြချက်နဲ့ စစ်ကောင်စီက အပစ်အခတ်ရပ်စဲကြောင်း ကြေညာတော့ အာဆီယံဥက္ကဌကြီး စိတ်ကူး ယဉ်တော့တယ်။နိုင်ငံရေးသမားဆိုတာ ဖြစ်နိုင်ခြေရှိတဲ့အရာတွေကို စိတ်ကူးယဉ်မျှော်လင့်ကြတာပဲ မဟုတ် လား။ဒါပေမဲ့၊စစ်ကောင်စီက အပစ်ရပ်ကြေညာထားပြီး လေကြောင်းကနေ ဗုံးတွေလည်း တဝုန်းဝုန်းကြဲမပျက် ပဲမို့ ကျွန်ုပ်တို့၏ အာဆီယံဥက္ကဌကြီးလည်း နိုင်ငံရေးဗုံးဆန်မမှန်အောင် သတိကြီးကြီးထားကာ စွန့်စွန့်စားစား စိတ်ကူးယဉ်ကြည့်လိုက်ပုံပါ။
အာဆီယံဥက္ကဌကြီးက မြန်မာတို့အတွက် အင်မတန်မင်္ဂလာရှိတဲ့ မြန်မာနှစ်ဆန်း၁ရက်(ဧပြီ၁၇ရက်)၊ဘန် ကောက်မှာ ထိုင်းအစားအစာတွေနဲ့ ခံတွင်းရှင်းရင်း စကားလက်ဆုံကျရအောင်လို့ စစ်ခေါင်းဆောင် မင်း အောင်လှိုင်ကို ဖိတ်လိုက်တယ်။အဲဒီနှစ်ဆန်း၁ရက်မှာပဲ လွတ်ရက်နီးနိုင်ငံရေးအကျဉ်းသား၃၆၉ဦးသာ ပါဝင်တဲ့ အကျဉ်းသား ၄၈၉၃ဦးကို စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးတော့ ဒါဟာ အဓိပ္ပါယ်ပြည့်ဝတဲ့ လုပ်ဆောင်ချက်ပဲ လို့ အာဆီယံဥက္ကဌကြီးက ချီးကျူးထောပနာပြုပြန်တယ်။မြန်မာပြည်သူတို့ခမျာ ဒါဟာ သူတို့သိခဲ့ဖူးတဲ့ အီဘရာဟင် ရော ဟုတ်ရဲ့လားလို့ မျက်လုံးပွတ်သပ်ကြည့်ရတဲ့အထိ။ ဒါပေမဲ့၊တကယ့်ကို အီဘရာဟင်အစစ်။
အဲဒီနှစ်ဆန်း၁ရက် မနက်စောစောမှာပဲ မြန်မာရော ကမ္ဘာသူ၊ကမ္ဘာသားတွေပါ ဘေးဘယာတွေ ကင်းဝေးပါ စေကြောင်း မင်းအောင်လှိုင်ရဲ့ နှစ်သစ်ဆုတောင်းကို ကြားရတော့ အာဆီယံဥက္ကဌကြီး ကျေနပ်နေခိုက် မနက်၁၀နာရီလောက်မှာ မိုးကုတ်မြို့အရှေ့ ပိုင်းကို စစ်ကောင်စီ ဗုံးကြဲချလိုက်တယ်။
ဒါပေမဲ့၊ဘယ်တတ်နိုင်မှာလဲ။စိတ်ကူးယဉ်လက်စက ရှိနေပြီမို့ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် စီစဉ်ပေးတဲ့ ဟိုတယ်မှာ ဧပြီ၁၇ရက်၊ညနေပိုင်း တွေ့ဆုံ။ ငလျင်ဘေးသင့်ပြည်သူတွေကို စာနာမှုအကူအညီ ထိထိရောက် ရောက် ပေးနိုင်ရေး အပစ်ရပ်မှဖြစ်မယ်လို့ မင်းအောင်လှိုင် နားဝင်အောင် ကျောသပ်ရင်သပ်။
အာဆီယံမူနဲ့အညီအာဆီယံဥက္ကဌကြီးက ဧပြီ၁၈ရက်မှာ NUGပြည်ထောင်စုဝန်ကြီးချုပ်နဲ့ အွန်လိုင်းကနေ တ ရားဝင်တွေ့ဆုံ။ စစ်ကောင်စီက အဲဒီနေ့မှာပဲ သပိတ်ကျင်းမြို့နယ်၊လိပ်ကျရွာကို ဗုံးကြဲချကာ ဩဘာပေး လိုက် တာ ပြည်သူ၁၃ဦး သေဆုံးခဲ့ပြန်တယ်။
ဘာပဲဖြစ်ဖြစ် မလေးရှားဝန်ကြီးချုပ်ကတော့ နှစ်ဖက်စလုံးနဲ့ ကနဦးတွေ့ဆုံမှု အောင်မြင်တယ်လို့ လူသိရှင် ကြား ကြွေးကြော်ခဲ့တယ်။အခုလို နှစ်ဖက်စလုံးနဲ့ တွေ့ဆုံမှုအပေါ် နှစ်ဖက်စလုံးက ကန့်ကွက်မှုမရှိဘူးလို့ လည်း ဥက္ကဌကြီးက ကိုယ့်ငါးချဉ်ကိုယ်ချဉ်လိုက်သေးတယ်။
ဆက်လက်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဆီယံဥက္ကဌကြီးရဲ့ ဆန္ဒကို အသိအမှတ် တဲ့အနေနဲ့ ဧပြီ၂၃ရက်မှာ နောက်တစ်ကြိမ်အပစ်ရပ်ကြောင်း ကြေညာကာ ထုံးစံမပျက် ဗုံးကြဲတိုက်ခိုက်ပြန် တယ်။ဧပြီတစ်လလုံးမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ၂၄၄ကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သား၂၀၁ဦးသေဆုံး ကာ အယောက်၃၀၀ကျော် ဒဏ်ရာရခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ထုတ်ပြန်ခဲ့ပေမဲ့ အာဆီယံ ကတော့ သိပုံမပေါ်ဘူး။
မေ၆ရက်မှာ အာဆီယံဥက္ကဌကြီးရဲ့ သဘောထားကို အသိအမှတ်ပြုလေးစားသောအားဖြင့် တတိယအကြိမ် မြောက် အပစ်ရပ်ကာလ မေလကုန်အထိ စစ်ကောင်စီကြေညာပြန်တယ်။ တတိယသက်တမ်းကာလ မေ၁၂ ရက်မှာ ဒီပဲယင်းမြို့နယ်၊အိုးတိန်တွင်းရွာ စာသင်ကျောင်းကို စစ်ကောင်စီ ဗုံးကြဲချ၊စာသင်နေတဲ့ ကျောင်း သူ/ သား ၂၂ဦးနှင့် ဆရာမ၂ဦးတို့ သေဆုံးခဲ့တယ်။နိုင်ငံတကာအသိုင်းအဝိုင်းက ဘာပဲဖြစ်ဖြစ် ပြင်းထန်စွာ ကန့် ကွက်ကြောင်း ကြေညာချက်ထုတ် လေသေနတ်ပစ်ပြခဲ့ပေမဲ့ အာဆီယံကတော့ မြန်မာ့ပြည်တွင်းရေးကို ဝင်မ စွက်ဘူးဆိုတဲ့အချိုးမျိုးနဲ့ အေးဆေး။အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကျင်းပတဲ့ မေလ၂၅ ရက် မှာလည်း ကျောက်ကြီးမြို့နယ်ထဲက မင်္ဂလာဆောင်တစ်ခုကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ရာမှာ သတို့သ မီး အပါအဝင် ဒေသခံ၁၂ဦး သေဆုံးခဲ့ပြန်ပေမဲ့ အာဆီယံဥက္ကဌကြီး စိတ်ကူးယဉ်လို့ကောင်းဆဲ။
မေလ၂၆ရက်နဲ့ ၂၇ရက်၊အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးအပြီး မြန်မာ့အရေးထုတ်ပြန်ချက် မှာတော့ စစ်ကောင်စီရဲ့ အပစ်အခတ်ရပ်စဲရေးကြေညာချက်ကို ချီးကျူးကာ အာဆီယံဟာ အာ ဆီယံပီသ ကြောင်း သက်သေပြလိုက်တယ်။
ဒါနဲ့ အာဆီယံရဲ့ ချီးကျူးမှုကို ပြန်လည်မေတ္တာတုံ့ပြန်တဲ့အနေနဲ့ ဇွန်လကုန်အထိ ထပ်မံအပစ်ရပ်ကြောင်း ဇွန် ၁ရက်မှာ စစ်ကောင်စီက ကြေညာ၊ အဲဒီလိုကြေညာပြီး နာရီပိုင်းအကြာမှာပဲ သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့နယ် တို့က နေရာ၃နေရာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲချခဲ့ရာမှာ အမျိုးသမီး၃ဦး ဒဏ်ရာရခဲ့ပြန်တယ်။ ဘာ ပဲဖြစ်ဖြစ် အာဆီယံလိုချင်တာ အပစ်ရပ်ကြောင်း ကြေညာဖို့သာ ဖြစ်တဲ့အတွက် အေးဆေး။
အာဆီယံဟာ မြန်မာပြည်သူတွေ ဘယ်လောက်သေသေ အေးအေးဆေးဆေးပဲ။ အလုပ်မဖြစ်တဲ့ အာဆီယံမူ၅ ရပ်ကို မြန်မာ့အရေး လမ်းပြမြေပုံအဖြစ် ဆက်လက်ကိုင်စွဲသွားမယ်လို့ဆိုတယ်။ ဇွန်၁၆ရက်၊နိုင်ငံရေးအကျဉ်း သားများကူညီ စောင့်ရှောက်ရေးအသင်း(AAPP) ထုတ်ပြန်ချက်က စစ်အုပ်စုလက်ချက်ကြောင့် ဒီမိုကရေစီရေး လှုပ်ရှားသူ နဲ့ ပြည်သူ စုစုပေါင်း ၆၈၀၇ဦး ကျဆုံးခဲ့ပြီလို့ ဆိုပေမဲ့ အာဆီယံကတော့ အေးဆေး။အာဆီယံဟာ ဘယ်သူဘာပြောပြော ဂရုမ စိုက်၊ မြန်မာပြည် သူ တွေ သောက်သောက်လဲသေနေတာ မြန်မာ့ပြည် တွင်းရေး ကိစ္စလို့ ရဲရဲကြီးခံယူနေပုံပဲ။အာဆီယံဆိုတာ မြန်မာပြည်သူတွေအတွက်တော့ ဟာသပဲ။