စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၉ နှစ်အရွယ် ကလေးငယ်သေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာရ

ကရင်ပြည် မူးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေနေထိုင်ရာ နေရာတွေကို ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့နဲ့ ၂၀ ရက်နေ့တို့မှာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့တဲ့အပြင် ၁၁ နှစ်အရွယ် ကလေးငယ် နှစ်ဦး အပါအဝင် ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ခလယ်လွီထူခရိုင်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
KNU ထိန်းချုပ်ရာ ကော်သူးလေနယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ် အတွင်းရှိ ငထွေစုတ်၊ ငနွားဆိပ်၊ အညာစု၊ ရင်းတိုက်ကုန်း၊ နောင်ကုန်း၊ ရေလဲ၊ မရမ်းစိန်းလေး၊ ဇလုပ်၊ စောဘောကုန်း၊ ကြက်တက်ညောင်ပင်၊ အရှေ့တောင်စု၊ အနောက်တောင်စုနဲ့ ကျွန်းကုန်းကျေးရွာကျေးရွာတွေကို စစ်ကောင်စီက ဟောင်ဝပ်ဇာအပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ သေဆုံးထိခိုက်ဒဏ်ရာရရှိတာတွေရှိသလို နေအိမ် သုံးလုံးပျက်စီးခဲရတယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ ခမရ-၃၅၁ နဲ့ ခလရ-၆၀ တို့ကနေ ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့က ငထွေစုတ်ကျေးရွာကို လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ၁၁ နှစ်အရွယ် နော်တာဒိုဂေးဖော ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာရှိ နေအိမ် ၂ လုံး ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မေလ ၂၀ ရက်ကလည်း နတ်သံကွင်းမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်ကနေ ငနွားဆိပ်ကျေးရွာ၊ အညာစုကျေးရွာ၊ ရင်းတိုက်ကုန်းကျေးရွာနဲ့ နောင်ကုန်းကျေးရွာတွေကို လက်နက်ကြီး ၆ လုံး ပစ်ခတ်ခဲ့သလို ရေလဲကျေးရွာနဲ့ မရမ်းစိန်းလေးကျေးရွာကြားရှိ လယ်ကွင်းကို ဟောင်ဝစ်ဇာလက်နက်ကြီး ၁ လုံး၊ ဇလုပ်နဲ့ စောဘောကုန်းကျေးရွာကြားရှိ လယ်ကွင်းကို ဟောင်ဝစ်ဇာလက်နက်ကြီး ၁ လုံး၊ တောင်စုကျေးရွာသို့ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။
အုတ်ဖြတ်တံတားတွင် အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်က ကြက်တက်ညောင်ပင်ကျေးရွာကို လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့တာကြောင့် အသက် ၅၃ နှစ်အရွယ် ဒေါ်မမ နဲ့ အသက် ၃၈ နှစ်အရွယ် မအေးစိုး တို့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ခလရ-၆၀ ကလည်း ၁၂၀မမ လက်နက်ကြီးနဲ့ မရမ်းစိန်လေးကျေးရွာကို ၁ လုံး၊ အရှေ့တောင်စု၊ အနောက်တောင်စုနဲ့ ကျွန်းကုန်းကျေးရွာတွေကို ၆ လုံး ပစ်ခတ်ခဲ့လို့ မရမ်းစိန်လေးကျေးရွာက နေအိမ် တစ်လုံး ပျက်စီးခဲ့ပြီး နေအိမ်ရှိ နော်မူးလာဖောနဲ့ သမီး နော်စေးပွယ်မူး (၁၁ နှစ်) တို့ ဒဏ်ရာရရှိခဲ့ကာ ၉နှစ်အရွယ် သားငယ် စောမူးထော်ဘ မှာ လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
စစ်ကောင်စီက မေလကုန်အထိ အပစ်ရပ်ကာလကို ထပ်တိုးထားပေမဲ့ ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်တွေ ဘာသာရေးအဆောက်အဦတွေ ပျက်စီးခဲ့ရတဲ့အပြင် အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။