မော်ချီးမှာ လေကြောင်းရန်ကြောင့် ဘုရားကျောင်းတွေမှာ ဝတ်ပြုဖို့တောင် လုံခြုံမှုမရှိဖြစ်နေ

ကရင်နီပြည် မော်ချီးသတ္ထုတွင်းကို စစ်ကောင်စီက လေကြောင်းကနေ မကြာခဏ တိုက်ခိုက်နေတာကြောင့် ယခုလဆန်းပိုင်းက စတင်ကာ ခရစ်ယာန်ဘုရားကျောင်းတွေမှာ ဝတ်ပြုတာတွေ မပြုလုပ်ဖို့ တော်လှန်ရေးအင်အားစုတွေက တားမြစ်ထားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီက လူစုလူဝေးရှိရာနေရာတွေကို လေယာဉ်၊ ဒရုန်းတွေနဲ့ ကြည့်ရှုပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံ တချို့ သေဆုံးဒဏ်ရာရရှိတာတွေ ရှိနေတာကြောင့် အခုလို တားမြစ်ပိတ်ပင်ထားတာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
“လေယာဉ်ကတော့ နေတိုင်းဝဲနေတုန်းပဲ။ ဘုရားကျောင်းသွားတာတွေ ကန့်သတ်ထားတယ်။ လူစုလူဝေးနေရာတွေကို လေယာဉ်နဲ့ကြဲမှာစိုးလို့ မသွားခိုင်းကြတော့တာ“ လို့ ဒေသခံ အမျိုးသမီးတစ်ဦးက CJ Platform ကိုပြောပါတယ်။
ဒါ့အပြင် မော်ချီးမြို့နယ်အတွင်းမှာ ည ၇ နာရီကနေ မနက် ၆ နာရီထိ သွားလာခွင့်လည်း တားမြစ်ထားတယ်လို့ သူမက ဆက်ပြောပါတယ်။
ယခုမေလအတွင်း စစ်ကောင်စီက မကြာခဏ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်လာတာကြောင့် ဒေသခံတွေလုံခြုံရေး အတွက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အင်တာနက်လိုင်း ဖြတ်တောက်ထားခဲ့ပြီး ပြီးခဲ့တဲ့ ၂၀ ရက်နေ့က စတင်ကာ ပြန်လည် ဖွင့်ပေးခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
စစ်ကောင်စီက စာသင်ကျောင်းတွေ ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေတာကြောင့် မော်ချီးသတ္ထုတွင်းဒေသအတွင်းရှိ စာသင်ကျောင်းတွေလည်း ဖွင့်လှစ်သင်ကြားနိုင်ခြင်းမရှိသလို ခရစ်ယာန်ဘာသာဝင် တွေအနေနဲ့ နေအိမ်မှာပင် မိသားစုအချင်းချင်း ဝတ်ပြုဆုတောင်းတာတွေ ပြုလုပ်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒါ့အပြင် ဒေသခံကျောင်းသူ ကျောင်းသားတွေအနေနဲ့လည်း တောင်ကြီးနဲ့ လွိုင်ကော်မြို့တွေကို သွားရောက် သင်ကြားနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့ကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မော်ချီးသတ္ထုတွင်းရှိ ခဲဂိုဒေါင်ပေါ် ကျရောက်ပေါက်ကွဲခဲ့လို့ ဒေသခံနှစ်ဦး သေဆုံးခဲ့ရပါတယ်။
ကရင်နီပြည်က မော်ချီးမြို့ကို ပြီးခဲ့တဲ့၂၀၂၃ ခုနှစ် နိုဝင်ဘာက စတင်ခဲ့တဲ့ (၁၁၁၁) စစ်ဆင်ရေးမှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF)ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး လက်ရှိမှာတော့ သတ္တုတူးဖော်ရေး လုပ်ငန်းခွင်အချို့ ရပ်ဆိုင်းထားရတာ ဖြစ်ပါတယ်။
ကရင်နီပြည်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဖေဖော်ဝါရီလအတွင်း ကလေးငယ် နှစ်ဦး အပါအဝင် အရပ်သား ခုနစ်ဦး သေဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မတ်လ ၇ ရက်နေ့မှာ ကရင်နီ လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – CJ