“ဒီတစ်ပတ် ရွှေစျေး အတက်အကျ” (ဒီဇင်ဘာ ၁၆ ရက်ကနေ ၂၁ ရက်နေ့အထိ)
“အမြင့်ဈေးမှာ ဆက်ရပ်နေတဲ့ ရွှေဈေး”
အရောင်းအဝယ်အေးပြီး တက်စရာအကြောင်းအရင်းမရှိတဲ့ ပြည်တွင်းရွှေဈေးနှုန်းတွေ မကျဘဲ အမြင့်ဈေးမှာပဲ ဆက်လက်ရပ်တည်နေတာတွေ့ရပါတယ်။
ပြီးခဲ့တဲ့အပတ်တွေကတည်းက အကယ်ဒမီမီးလင်းရွှေ ၁၆ ပဲရည်တစ်ကျပ်သား သိန်း ၆၀ အပေါ်မှာရှိနေခဲ့ရာ ဒီတစ်ပတ် စနေနေ့အထိ ဖြစ်ပါတယ်။ အလွယ်လေးမြင့်တက်လေ့ရှိပေမဲ့ ကျဖို့ ခက်ခဲလေ့ရှိတဲ့ ပြည်တွင်းဈေးကွက်ထဲက ကုန်ဈေးနှုန်းတွေရဲ့ သဘောတရားအတိုင်း ရွှေဈေးနှုန်းကလည်း အလားတူပါပဲ။
ဒီတစ်ပတ်ထဲ ပြီးခဲ့တဲ့အပတ်က ပိတ်ခဲ့တဲ့ ၁၆ ပဲရည်တစ်ကျပ်သား ၆၁ သိန်းတစ်သောင်းကျပ်နဲ့ တနင်္လာနေ့မှာ ဈေးဖွင့်လာခဲ့တာတွေ့ရပါတယ်။ အနိမ့်ဆုံးဈေးအနေနဲ့ သောကြာနေ့မနက်ပိုင်းမှာ တစ်ကျပ်သား ကျပ်သိန်း ၆၀ ရှစ်သောင်းခဏရောက်ခဲ့ပြီး အပိတ်နေ့ စနေမှာတော့ တစ်ကျပ်သား ၆၁ သိန်း လေးသောင်းကို မြင့်တက်သွားတာတွေ့ရပါတယ်။
ဒါကြောင့် တစ်ပတ်လုံးနှိုင်းယှဉ်မယ်ဆိုပါက ၁၆ ပဲရည်တစ်ကျပ်သားကို သုံးသောင်းကျပ်မြင့်တက်သွားတာဖြစ်ပါတယ်။
စစ်ကောင်စီဩဇာခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)ရဲ့ သတ်မှတ်ရည်ညွှန်းဈေးနှုန်းတွေကတော့ တစ်ပတ်အတွင်း အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သားကို ကျပ်တစ်သိန်းကျော်ကျဆင်းသွားတာတွေ့ရပါတယ်။
ကမ္ဘာ့ရွှေဈေးနှုန်းတွေကတော့ တနင်္လာနေ့မှာ တစ်အောင်စ အမေရိကန်ဒေါ်လာ ၂၆၅၀ ကျော်နဲ့ ဈေးဖွင့်ခဲ့ပေမဲ့ ၂၆၂၀ ကျော်နဲ့ပိတ်ခဲ့တာကြောင့် တစ်အောင်စ ဒေါ်လာ ၃၀ ကျဆင်းသွားတာတွေ့ရပါတယ်။
စနေနေ့ ရွှေဈေးနှုန်းတွေကတော့ အကယ်ဒမီမီးလင်းရွှေ ၁၅ ပဲရည်တစ်ကျပ်သား ၅၇ သိန်းရှစ်သောင်းကျပ်၊ ၁၆ ပဲရည်တစ်ကျပ်သား ၆၁ သိန်းလေးသောင်းကျပ်နဲ့ YGEA ဈေးကတော့ ၁၆ ပဲရည်တစ်ကျပ်သား ၅၂ သိန်း ငါးသောင်းကျပ်ဈေးဖြစ်ပါတယ်။
Source – Myanmar Market Price