ဒီကနေ့ အောက်တိုဘာ ၂၂ ရက်အတွက် မိုးလေဝသခန့်မှန်းချက်

Published on Oct 22, 2024

ဒီကနေ့ ညနေပိုင်းမှာ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းငယ်ဖြစ်နိုင်

 

“မိုးကြီးနိုင်တဲ့ ဒေသများ”

 

ဒီကနေ့ အောက်တိုဘာလ ၂၂ ရက် ညနေပိုင်းအထိ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ စစ်ကောင်စီ မိုးဇလက ခန့်မှန်းထားပါတယ်။

 

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ကချင်ပြည်၊ ရှမ်းပြည်(မြောက်ပိုင်း)နဲ့ ကရင်နီ(ကယား)ပြည်တို့မှာ နေရာကွက်ကျား၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်(အရှေ့ပိုင်း)နဲ့ ချင်းပြည်တို့မှာ နေရာကျဲကျဲ၊ နေပြည်တော်၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်(တောင်ပိုင်း)၊ ကရင်ပြည်နဲ့ မွန်ပြည်တို့မှာ နေရာစိပ်စိပ်မိုးရွာသွန်းနိုင်ပြီး ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး မိုးရွာဖို့ ရာနှုန်းပြည့်ဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။

 

“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”

 

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အနောက်မြောက်ဘက်သို့ ရွေ့လျားနေပြီး ပိုမိုအားကောင်းလာနိုင်ကာ နောက်(၁၂)နာရီအတွင်း မုန်တိုင်းငယ်(Depression)အဆင့်ကို ရောက်ရှိမှာဖြစ်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

 

အဲဒီမုန်တိုင်းငယ်ဟာ မနက်ဖြန် အောက်တိုဘာ ၂၃ ရက်နေ့မှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ကို ရောက်ရှိနိုင်ပြီး နောက်တစ်နေ့ အောက်တိုဘာ ၂၄ ရက်မှာ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်-အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေ)ကို ရောက်ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

 

အဲဒီနောက် အနောက်မြောက်ဘက်ကို ရွေ့လျားပြီး အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အောက်တိုဘာ ၂၅ ရက်နေ့ မနက်အစောပိုင်းမှာ အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ်မြောက်ပိုင်းနဲ့ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့ရှိ ပူရီမြို့(Puri)နဲ့ ဆာဂါကျွန်း(Sagar Island)တို့ကြားကနေ ဖြတ်ကျော်နိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

ကပ္ပလီပင်လယ်ပြင်မှာလည်း ဘင်္ဂလားပင်လယ်အော်အရှေ့ မြောက်ပိုင်း၊ အရှေ့အလယ်ပိုင်းနဲ့ အနောက်တောင်ပိုင်းတို့လိုပဲ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေတယ်လို့ ဆိုထားပါတယ်။

 

“မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ”

 

ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာ မိုးတိမ်တောင်တွေ ဖြစ်ပေါ်နေပြီး အဲဒီမိုးတိမ်တောင်တွေ ရွေ့လျားရာတစ်လျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာတို့ ဖြစ်ပေါ်နိုင်လို့ စစ်ကောင်စီ မိုးဇလက ကြိုတင်သတိထားကြဖို့ အကြံပြုထားပါတယ်။

 

“ပင်လယ်ပြင်လှိုင်းအမြင့်”

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

 

မိုးသက်လေပြင်းကျချိန် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို ၄၅ မိုင်ကနေ မိုင် ၅၀ အထိ တိုက်ခတ်နိုင်သလို လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၉ ပေကနေ ၁၃ ပေခန့် ရှိနိုင်တယ်လို့ မိုးဇလက ဆိုထားပါတယ်။

 

“နောက်နှစ်ရက်အတွက်ခန့်မှန်းချက်”

 

နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နဲ့ ရခိုင်ပြည်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

Source – မိုးဇလ