တောင်ကုတ်က သူနာပြု ဆရာမတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီး

Author သုတ
Categories
Published on Oct 22, 2024

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်က သူနာပြု ဆရာမတစ်ဦးကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၇ ရက်နေ့မှာ မျက်နှာဖုံးစွပ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။

 

ဖမ်းဆီခံရတဲ့ သူနာပြုဆရာမဟာ ဒီကနေ့ အောက်တိုဘာလ ၂၂ ရက်အထိ မလွတ်မြောက်လာသေးဘူးလို့  ဆိုပါတယ်။

 

သူဟာ ကိုင်းရှည်ရပ်ကွက်၊ တာဝတိံသာလမ်းပေါ်ရှိ ရွှေစင်ဆေးဆိုင်က သူနာပြုဆရာမ ဒေါ်ချိုချိုမောင်ဖြစ်ပြီး စစ်ကောင်စီတပ်က သူ့ရဲ့ နေအိမ်မှာ လာရောက် ဖမ်းဆီးသွားခဲ့တာလို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

 

“လပြည့်ညမှာပဲ သူ့ကို အိမ်ကနေ ခေါင်းကို အိတ်အနက်စွပ်ပြီး တပ်က ကားနဲ့ လာဖမ်းသွားတယ်။ စစ်တပ်က ရဲမေတွေ ပါတယ်။ သူ့ရဲ့ သမီးလေးတွေ အော်ငိုကျန်ခဲ့ကြတယ်။ အခုထိ ပြန်လွတ်မလာသေးဘူး”လို့ ဆိုပါတယ်။

 

ဖမ်းဆီးမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီတပ်က မိသားစုဝင်တွေကို တစ်စုံတစ်ရာ ပြောဆိုခဲ့တာမျိုး မရှိဘူးလို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

“ဘာလို့ ဖမ်းတယ်ဆိုတာတော့ မသိရဘူး။ မိသားစုဝင်တွေကိုလည်း ပြောခဲ့တာမရှိဘူး။ ဘယ်နေရာကို ဖမ်းသွားတယ်ဆိုတာတောင် မသိစေချင်လို့ မျက်နှာကို အိတ်စွပ်ပြီးခေါ်သွားတာ”လို့ ဆိုပါတယ်။

 

သူနာပြုဆရာမရဲ့ ၁၁ နှစ်အရွယ်နဲ့ ခြောက်နှစ်အရွယ် သမီးနှစ်ယောက်ကိုတော့ လက်ရှိမှာ ဆွေမျိုးသားချင်းတွေက ကူညီစောင့်ရှောက်ပေးထားတယ်လို့ ဒေသခံ အမျိုးသမီးက ဆက်ပြောပါတယ်။

 

သူ(မ)ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ကြောရေးမှာ နှိပ်စက်မှုတွေ ပြုလုပ်မှာကို မိသားစုဝင်တွေအနေနဲ့ စိုးရိမ်နေကြတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

တောင်ကုတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်က ဒေသခံပြည်သူတွေကို အာရက္ခတပ်တော် (AA) နဲ့ ဆက်စပ်တယ်၊ ထောက်ပို့ပေးတယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးစစ်ဆေးမှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေပါတယ်။

 

ဓာတ်ပုံ – SAC