“ဒီတစ်ပတ် ရွှေဈေး အတက်အကျ” (ဇူလိုင်လ ၁၃ မှ ၁၉ ရက်အထိ)

Author လဂွန်းအိမ်
Categories
Published on Jul 20, 2024

“သိန်း ၆၀ နား တဝဲလည်လည်”

 

စံချိန်အထပ်ထပ်ချိုးနေတဲ့ ပြည်တွင်းရွှေဈေးဟာ ထပ်ချိုးဖို့ လက်မတင်ဈေး သိန်း ၆၀ နားမှာတင် တဝဲလည်လည် ဖြစ်ပေါ်နေတာ တွေ့ရပါတယ်။

 

ပြီးခဲ့တဲ့အပတ်က ၁၆ ပဲရည်တစ်ကျပ်သား ၅၉ သိန်းခွဲကနေ ဒီတစ်ပတ်မှာတော့ ငါးသောင်းဆင်းသွားပါတယ်။

 

အရင်အပတ်က တစ်ကျပ်သား လေးသိန်းအထိ မြင့်တက်ခဲ့တဲ့ရွှေဈေးဟာ ကျချိန်မှာတော့ သောင်းဂဏန်းသာ ရှိခဲ့တာပါ။

 

ဒါကြောင့် စစ်ကောင်စီဩဇာခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)ရဲ့ သတ်မှတ်ဈေးကလည်း တဖြည်းဖြည်း အနည်းငယ်စီ တက်လာတာ တွေ့ရပါတယ်။

 

ပြီးခဲ့တဲ့အပတ်ထဲ အကယ်ဒမီမီးလင်းရွှေ တစ်ကျပ်သား ၄၆ သိန်းခွဲကျော်ကနေ ဒီတစ်ပတ် စနေနေ့မှာ ၄၇ သိန်းကျော်လာတာ တွေ့ရပါတယ်။

 

ကမ္ဘာ့ရွှေကွက်ထဲ ဈေးနှုန်းဆက်လက်မြင့်တက်နေပြီး ပြီးခဲ့တဲ့အပတ် သောကြာနေ့မှာ တစ်အောင်စကို အမေရိကန် ၂၄၁၁ ဒေါ်လာနဲ့ ဈေးကွက်ပိတ်ခဲ့ရာကနေ ဒီတစ်ပတ်မှာတော့ ၂၄၂၁ ဒေါ်လာနဲ့‌ဈေးပိတ်ခဲ့တာကြောင့် တစ်ပတ်အတွင်း တစ်အောင်စ အမေရိကန် ၁၀ ဒေါ်လာခန့် တက်သွားတာလို့ ပြောလို့ရပါတယ်။

 

ဒီတစ်ပတ် ‌သောကြာနေ့ ပြည်တွင်းရွှေဈေးကွက်မှာ ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၅၉ သိန်းနဲ့ ၁၅ ပဲရည် အခေါက်ရွှေတစ်ကျပ်သားကို ၅၅ သိန်း သုံးသောင်းနဲ့ ဈေးကွက်ပိတ်ခဲ့ပါတယ်။