ပင်လောင်းမှာ စစ်ကောင်စီပစ်ခတ်လို့ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ

Published on Jun 21, 2024

စစ်ကောင်စီပစ်လို့ ပျံလွန်တော်မူခဲ့ရတဲ့ ပဲခူးက ဝင်းနိမ္မိတာရုံ ဆရာတော်နဲ့ တစ်ရက်တည်းဆိုသလို ရှမ်းပြည်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်မှာ စစ်ကောင်စီ ပစ်ခတ်လို့ နောက်ထပ် ကျောင်းထိုင်ဆရာတော်တစ်ပါး ပျံလွန်တော်မူသွားတယ်လို့ ပအိုးဝ်အမျိုးသားလွတ်မြောက်တပ်(PNLA)ရဲ့ ဒီနေ့ထုတ်ပြန်ချက်အရ သိရပါတယ်။

 

အဲဒီမြို့နယ် နမ့်တုတ်ကျေးရွာအုပ်စု လွယ်ကျိုင်းကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းတွေအသုံးပြု တိုက်ခိုက်မှုကြောင့် ကျောင်းပေါ်ရှိနေတဲ့ ဆရာတော် ဦးနေမိန္ဒဟာ ကျည်ထိမှန် ပျံလွန်တော်မူခဲ့တာလို့ PNLA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ခွန်ရိန်းယံက CJ Platform သို့ပြောပါတယ်။

 

“စစ်ကောင်စီက အခုဆို ဘာသာရေးခေါင်းဆောင်တွေကို ပစ်မှတ်ထားလာတယ်။ ဝင်းနိမ္မိတာရုံ ဆရာတော်ကိုလည်း ပစ်သတ်တယ်။ အခုလည်း ပင်လောင်းဘုန်းကြီးကို ပစ်သတ်တယ်။ ပြီးရင် တော်လှန်ရေးအဖွဲ့တွေကို လွှဲချတယ်။ ရန်တိုက်တယ်။ ပြည်သူကလည်း ခုသိနေပါပြီ။ သူတို့ကျဆုံးချိန်ကျလာလို့ အမှားတွေကိုဆက်တိုက်လုပ်လာနေတာ” လို့ သူက ဝေဖန်ပါတယ်။

 

လွယ်ကျိုင်းရွာဆရာတော်ဟာလည်း ပဲခူးက ဝင်းနိမ္မိတာဆရာတော်လိုပဲ စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် ရုတ်တရက်ပျံလွန်တော်မူခဲ့ရတာဖြစ်ပါတယ်။

 

အဆိုပါတိုက်ခိုက်မှုအတွင်း လွယ်ကျိုင်းရွာက ဒေသခံ ငါးဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိအချိန်ထိ ဆေးဝါးကုသခွင့်မရသေးသလို နမ့်ဖာကျေးရွာက ဦးဒေါင်းဟာလည်း လယ်ကွင်းကိုသွားချိန် အနီးနား လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ကျည်စထိမှန် ဒဏ်ရာရခဲ့တယ်လို့ PNLA ထံမှ သိရပါတယ်။

 

တစ်ဆက်တည်း အဲဒီနေ့မှာပဲ ပင်လောင်းမြို့နယ် စင်းတောင်းကျေးရွာအုပ်စု၊ မိုးဦးကျေးရွာကိုလည်း စစ်ကောင်စီနဲ့ ပြည်သူ့စစ်အဖွဲ့က လက်နက်ကြီးနဲ့ ခြောက်ကြိမ်ပစ်ခတ်ခဲ့တာကြောင့် မူလတန်းကျောင်းသား မောင်ဖိုးသောကြာနဲ့ မူလတန်းကျောင်းသူ မအေးကိုတို့ ထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ PNLA အပြောအရ သိရပါတယ်။

 

စင်းတောင်းကျေးရွာအုပ်စုမှာ အိမ်ခြေ ၁,၇၅၈ အိမ်ရှိပြီး လူဦးရေ ၈,၇၆၆ ယောက်ရှိကာ အခုလက်ရှိမှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တို့က မိုးဦးကျေးရွာအတွင်း တပ်စွဲနေထိုင်နေတာကြောင့် ရွာလုံးကျွတ်  ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ PNLA တာဝန်ရှိသူက ဆိုပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့မှာလည်း ပဲခူးမြို့က ဝင်းနိမ္မိတာရုံ ကျောင်းတိုက် ဆရာတော်ဟာ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့်၊ ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသ မဟန(ငြိမ်း)နဲ့အတူ ရန်ကုန်မြို့ကနေ မန္တလေးမြို့ တံတားဦးလေဆိပ်ကို လေယာဉ်နဲ့ ကြွချီလာရာမှတစ်ဆင့် လေဆိပ်မှ ကမ္မရွာသို့အသွား စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရပါတယ်။

 

ဓာတ်ပုံ- PNLA

 

ပုံစာ – စစ်ကောင်စီ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရတဲ့ ကျောင်းထိုင် ဆရာတော်