၂၀၀၈ ခြေ/ဥပြင်ဆင်ရေး စစ်ကောင်စီကြိုးပမ်းလာ

Author ကိုထားဝယ်
Categories
Published on Jun 21, 2024

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီဘဲ အာဏသိမ်းခဲ့သော စစ်ကောင်စီဟာ ဒီခြေ/ဥကို ၎င်းတို့စိတ်ကြိုက်ပြင်ဆင်ဖြည့်စွက်မှုတွေလုပ်ဆောင်ဖို့ ဩဇာခံတွေကနေတစ်ဆင့်ကြိုးစားလာကြောင်း စစ်ကောင်စီရဲ့ ထုတ်ပြန်လာချက်အရ သိရပါတယ်။

 

စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(ငြိမ်းချမ်းရေး ကော်မတီ)နဲ့ ဩဇာခံ နိုင်ငံရေးပါတီတွေဟာ ဇွန် ၁၉ နဲ့ ၂၀ ရက်နေ့တို့က နေပြည်တော်မှာ ဆွေးနွေးပွဲပြုလုပ်ခဲ့ကြပါတယ်။

 

အဲဒီနှစ်ရက်တာ ဆွေးနွေးမှုတွေထဲ ၂၀၀၈ ခြေ/ဥကို ပြင်ဆင်ဖြည့်စွက်တာတွေလုပ်သွားဖို့ ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။

 

ဆွေးနွေးပွဲပထမနေ့မှာ ငြိမ်း/ဖွံ့ ကော်မတီရဲ့ ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒုဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာဘုံသဘော တူညီချက်များ၊ ၂၀ဝ၈ ခြေ/ဥမှ သူတို့ ပြင်ဆင်ဖြည့်စွက်ချင်တဲ့အချက်တွေကို ထုတ်ပြောခဲ့ပါတယ်။

 

ဒုတိယနေ့မှာလည်း ၂၀ဝ၈ ခြေ/ဥမှ ပြင်ဆင်ဖို့သင့်တယ်လို့ ယူဆရတဲ့အချက်များ၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာကိစ္စတွေအကြောင်း ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။

 

ဒါပေမဲ့ ၂၀ဝ၈ ခြေ/ဥထဲက စစ်ကောင်စီပြင်ဆင်လိုတဲ့ အချက်တွေက ဘာတွေလဲဆိုတာတော့ ထုတ်ပြန်ချက်ထဲ ထည့်သွင်းဖော်ပြထားတာမတွေ့ရပါဘူး။

နှစ်ရက်တာ နေပြည်တော်ဆွေးနွေးပွဲကို နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးလည်းဖြစ်၊ စစ်ကောင်စီ ငြိမ်း/ဖွံ့ ကော်မတီရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဦးဆောင်တက်ပြုလုပ်ခဲ့ပြီး ပါတီအစုအဖွဲ့ဘက်က စစ်တပ်ဩဇာခံ ကြံ့ခိုင်ရေးပါတီရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဒေါက်တာ အောင်မြတ်ဦးက ဦးဆောင်တက်ရောက် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

 

စစ်ကောင်စီဘက်ကတော့ အာဏာသိမ်းပြီးနောက် စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတွေထဲ ၂၀၀၈ ခြေ/ဥကို ပြင်ဖို့ မူအားဖြင့် သဘောတူထားပေမဲ့ လွှတ်တော်လမ်းကြောင်းကပဲ ပြင်မယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောထားပါတယ်။

 

အဲဒီမှာ ERO တွေရဲ့လိုလားချက်နဲ့ နိုင်ငံရေးအစုအဖွဲ့တို့ရဲ့ ဆွေးနွေးသဘောတူထားတဲ့အချက်တွေကို နောင်ပေါ်ပေါက်လာမယ့် လွှတ်တော်မှာ စစ်တပ်က သဘောတူထောက်ခံမယ်လို့လည်း သူက သတင်းမီဒီယာတွေကို ကတိပေးပြောကြားထားပါတယ်။

 

ဒါပေမဲ့ ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ၂၀ဝ၈ ခြေ/ဥကို ဖျက်သိမ်းကြောင်း ကြေညာထားပါတယ်။

 

စစ်ကောင်စီအနေနဲ့ လတ်တလော ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဖို့ စိတ်ကူးမရှိနိုင်သလို ပြင်ခဲ့ရင်လည်း ၂၀ဝ၈ ခြေ/ဥက ပေးထားတဲ့ တပ်ရဲ့နိုင်ငံရေးမှာပါဝင်နေတဲ့ အချက်တွေကို လျှော့ပြီးပြင်ဆင်ဖို့ စိတ်ကူးမရှိနိုင်ဘူး လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက သုံးသပ်ပြောကြားထားကြပါတယ်။

 

စစ်တပ်အသာစီးယူ ရေးဆွဲထားတဲ့ ၂၀၀၈ ခြေ/ဥကို ၁၉၉၃ ခုနှစ် အမျိုးသားညီလာခံကနေ ပေါ်ထွက်လာခဲ့ပြီးနောက် မြန်မာနိုင်ငံမှာ အဆိုးရွားဆုံးနဲ့ လူအသေအပျောက်အများဆုံး နာဂစ်မုန်တိုင်းတိုက်ခတ်အပြီးရက်ပိုင်း ၂၀၀၈ ခုနှစ် မေလ ၁၀ ရက်နေ့မှာ စစ်တပ်က ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ်ခဲ့ပါတယ်။

 

အဲဒီနောက် လူသိန်းနဲ့ချီသေဆုံးပြီး သန်းနဲ့ချီအိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့တဲ့ နာဂစ်မုန်တိုင်းဒဏ်ခံပြည်သူတွေကို ဥပေက္ခာပြုပြီး မေလ ၂၉ ရက်နေ့မှာ အဲဒီခြေ/ဥကို ပြဌာန်းခဲ့ပါတယ်။ ဒါကြောင့် နာဂစ်ဥပဒေလို့လည်း ကျော်ကြားပါတယ်။

 

အဲဒီခြေ/ဥကို ကြံ့ခိုင်ရေးအစိုးရနဲ့ NLD အစိုးရလို မတူညီတဲ့ လွှတ်တော်သက်တမ်းနှစ်ခုလုံးမှာ ပြင်ဆင်ရေး ကြိုးပမ်းခဲ့ကြပေမဲ့ စစ်တပ်က ကြားခံတားဆီးပြီး လုံးဝပြင်ဆင်ခွင့်မပေးခဲ့ပါဘူး။

 

ဒီဥပဒေပြင်ဆင်နိုင်ဖို့ ပြည်ထောင်စုလွှတ်တော်ထဲက တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းထဲက တစ်ဦးမဖြစ်မနေလိုအပ်ခဲ့ပေမဲ့ ဘယ်တစ်ဦးကမှ လွှတ်တော်သက်တမ်းနှစ်ခု ဆယ်နှစ်တာကာလအတွင်း မပါဝင်ခဲ့ကြပါဘူး။

 

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၃ ခုနှစ် ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ “အခြေခံဥပဒေပြင်ဖို့ ရဲရင့်တဲ့စစ်သား တစ်ဦးသာ လိုအပ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

 

ဒီဥပဒေပြင်ဆင်ဖို့ကြိုးပမ်းတဲ့ ပထမအကြိမ်လွှတ်တော်သက်တမ်းရဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ရုပ်သိမ်းခံရဖို့အထိ တပ်မဲကိုယ်စားလှယ်တွေရဲ့ တောင်းဆိုခံခဲ့ရပြီး လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုတ်သိမ်းခြင်းဆိုင်ရာဥပဒေ မရှိခဲ့လို့သာ ဆက်လက်အကောင်အထည်မဖော်နိုင်ခဲ့တာဖြစ်ပါတယ်။

 

အခြေခံဥပဒေပြင်ဆင်ရေးကို ထပ်မံ ကြိုးပမ်းခဲ့တဲ့ NLD ဒုတိယအကြိမ်လွှတ်တော်သက်တမ်းရဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်လည်း စွပ်စွဲပြစ်တင်ခံရတဲ့အထိ ကြုံတွေ့ခဲ့ရပါတယ်။

 

ဓာတ်ပုံ – MOI

 

ပုံစာ – ဇွန် ၁၉ ရက် စစ်ကောင်စီလက်အောက်ခံတွေ ပထမနေ့ ဆွေးနွေးခဲ့ကြစဉ်