“ဒီတစ်ပတ် ကျပ်ငွေ အပြောင်းအလဲ” (ဧပြီ ၁၃ ရက်မှ ၂၀ရက် အထိ)

Author လင်းနွေဦး
Categories
Published on Apr 21, 2024

“တက်မြဲတက်ဆဲ နိုင်ငံခြားငွေ”

 

ဒီတစ်ပတ်ရဲ့ နိုင်ငံခြားငွေကြေး လဲလှယ်နှုန်းတွေဟာလည်း အရင် အပတ်ကထက် ဆက်တက်ခဲ့ပြီး အထူးသဖြင့် အမေရိကန်နဲ့ စင်ကာပူ ဒေါ်လာတို့ တက်နှုန်းမြင့်ခဲ့ပါတယ်။

 

အမေရိကန် တစ်ဒေါ်လာကို ၃၉၀၀ ကျပ် ဝန်းကျင်အထိ တက်နှုန်းကြမ်းခဲ့သလို စင်ကာပူ တစ်ဒေါ်လာကလည်း ၂၈၀၀ ကျပ် ထိ လဲလှယ်နှုန်းတက်ခဲ့တာပါ။

 

အလားတူ ဂျပန် တစ်ယမ်းကို ၁ ကျပ်နှုန်း၊ တရုတ် တစ်ယွမ် ၂ ကျပ် နှုန်း မြင့်တက်ခဲ့ပြီး မလေးရှား တစ်ရင်းဂစ်လဲလှယ်နှုန်းသာ မပြောင်းမလဲ တန့်နေခဲ့ကာ ထိုင်းတစ်ဘတ် လဲလှယ်နှုန်းကတော့ မဆိုဆလောက် သုည ဒဿမ ၅၄ ကျပ် ပြန်ကျခဲ့တာပါ။

 

နိုင်ငံအနှံ့ တိုက်ပွဲတွေပြင်းထန်ကာ နယ်စပ်ကုန်သွယ်ရေးဇုန် ၆ခုအထိ တော်လှန်ရေးအင်အားစုတွေထံ လက်လွှတ်ဆုံးရှုံးခံထားရတဲ့ စစ်ကောင်စီလက်ထက် စီးပွားရေးဈေးကွက်တွေ ပျက်ယွင်းကာ ရှေ့ဆက်ဘာဆက်ဖြစ်မယ်ဆိုတာကို ခန်မှန်းမရတာကလည်း  နိုင်ငံခြားငွေကြေးတွေကို ကိုင်တွယ်ထားတဲ့ လုပ်ငန်းရှင်ကြီးတွေအဖို့ စိတ်ကြိုက်ဈေးကစားနိုင်တဲ့ အနေအထားရှိနေတာလို့ ပြည်တွင်းပြည်ပ ငွေကြေးကျွမ်းကျင် ပညာရှင်များက သုံးသပ် ပြောဆိုထားကြပါတယ်။

 

ပြည်တွင်း ဈေးကွက်အတွင်း ဧပြီ ၂၀ ရက် စနေနေ့ အတွက် နိုင်ငံခြားငွေကြေးလဲလှယ်နှုန်း အပိတ်ဈေးနှုန်းတွေကတော့ အမေရိကန် တစ်ဒေါ်လာ ၃၈၉၀ ကျပ်၊ စင်ကာပူ တစ်ဒေါ်လာ ၂၈၂၀ ကျပ်၊ ထိုင်းတစ် ဘတ် ၁၀၄ ဒဿမ ၁၇ ကျပ်၊ ဂျပန် တစ်ယမ်း ၂၄ ဒဿမ ၈၇ ကျပ်၊ မလေးရှား တစ်ရင်းဂစ် ၈၆၅ ကျပ်၊ တရုတ် တစ်ယွမ် ၅၂၂ ကျပ် လဲလှယ်နှုန်းရှိခဲ့ပါတယ်။