“ဒီတစ်ပတ် ရွှေဈေး အတက်အကျ” (ဧပြီ ၁၃ ရက်မှ ၂၀ ရက်အထိ)

Author လင်းနွေဦး
Categories
Published on Apr 21, 2024

“တစ်ကျပ်သား ၄၈ သိန်းအထိ ရောက်လာတဲ့ မီးလင်းအခေါက်ရွှေ”

 

ဒီတစ်ပတ်မှာလည်း နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးခဲ့သော်လည်း နှစ်ဟောင်းမှာ တက်နှုန်းကြမ်းမှုကို မထားခဲ့နိုင်တဲ့ ရွှေဈေးနှုန်းတွေဟာ ဆက်တိုက်ဆိုသလို တက်လာခဲ့ပြန်ပါတယ်။

 

ကမ္ဘာ့ရွှေဈေးနှုန်းဘက်မှာတော့ တစ်အောင်စကို အမေရိကန် ၄၆ ဒဿမ ၃၃ ဒေါ်လာ အထိ မြင့်တက်ခဲ့ပြီး မြန်မာ့အခေါက်ရွှေ ဈေးနှုန်းတွေဟာလည်း ထူးမခြားနာပါပဲ။

 

မြန်မာ့ရွှေအမျိုးအစားဖြစ်တဲ့ အကယ်ဒမီ မီးလင်းရွှေ ခေါ် ၁၆ ပဲရည်အခေါက်ရွှေ တစ်ကျပ်သားဈေးနှုန်း ကတော့  ၉ သောင်းကျပ် တိတိ ဈေးတက်လာခဲ့သလို ၁၅ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ဈေးနှုန်းဟာလည်း ၈ သောင်းကျပ်တိတိ ဈေးတက်ခဲ့တာပါ။

 

စစ်ကောင်စီကတော့ ရွှေဈေးနှုန်းတွေတက်အောင် လုပ်တယ်ဆိုပြီး ဧပြီလအတွင်း ရွှေလုပ်ငန်းရှင်တွေထဲက အချို့ကို ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရုံမက ရန်ကုန်တိုင်းက မောင်ကိန်း၊ နယူးတိုင်စင်နှင့် ခရမ်းသုံးခွရွှေဆိုင်တို့အပြင် မန္တလေးတိုင်းက ရွှေစင်ဝင်း ရွှေသန့်စင်လုပ်ငန်း၊ ရွှေမင်းသား ရွှေလှော်ဖိုလုပ်ငန်း၊ မန်းစံပယ်ရွှေရောင်းဝယ်ရေးလုပ်ငန်းနှင့် မြန်မာရွှေ ရွှေဆိုင်လုပ်ငန်းတို့ စစ်ကောင်စီလက်အောက်ခံ ရွှေနှင့် ငွေကြေးဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ ကနေပြီး လုပ်ငန်းပိတ်သိမ်းမှု တွေ လုပ်ဆောင်သည်အထိ ထိန်းချုပ်ယောင်ပြခဲ့ပါတယ်။

 

လက်ရှိ ဧပြီလ တတိယ အပတ် စနေနေ့ အတွက် မြေပြင် ရွှေဈေးကွက် အပိတ် ဈေးနှုန်းတွေကတော့ ကမ္ဘာ့ရွှေ တစ်အောင်စကို အမေရိကန် ၂၃၉၀ ဒဿမ ၈၆ ဒေါ်လာ နဲ့ မြန်မာ့ရွှေအမျိုးအစားတွေအဖြစ် ၁၅ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားကို ၄၅ သိန်း ၁ သောင်းကျပ်၊ ၁၆ ပဲရည် အခေါက်ရွှေတစ်ကျပ်သား ၄၈ သိန်းကျပ်တိတိ ဈေးပေါက်ခဲ့ပါတယ်။