ဒီပဲယင်းက စာသင်ကျောင်းတကို စစ်အုပ်စု ဗုံးကြဲလို့ စစ်ရှောင် ၇ ဦး ထိခိုက်

Author CJ Platform
Categories
Published on Jan 02, 2026

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးကျေးရွာ စာသင်ကျောင်းကို စစ်အုပ်စုက မနေ့က ဇန်နဝါရီ ၁ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် စစ်ရှောင် ၇ ဦးထိခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

မနေ့က ‌ဇန်နဝါရီ ၁ ရက်နေ့ ည ၇ နာရီခွဲခန့်မှာ ဒီပဲယင်းအရှေ့ခြမ်း၊ မူးကမ်းကြီးကျေးရွာက စာသင်ကျောင်းကို မိတ္ထီလာရှမ်းတဲလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးနဲ့ ပေါင် ၅၀၀ ဗုံးသီးကြဲချကာ အကြောင်းမဲ့လေကြောင်းတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။

 

“တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဗုံးကြဲချသွားတာ။ စစ်ရှောင်တွေရှိတဲ့ စာသင်ကျောင်းထဲကို ဂျက်ဖိုက်တာနဲ့ ကြဲသွားတာပါ။ စစ်ရှောင်တွေထိတယ်” လို့ ဒေသခံ တစ်ဦးက ပြောခဲ့ပါတယ်။

 

အခုလို စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို စစ်အုပ်စုက ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်းအသိ၊ လေကြောင်းသတိရှိကြစေဖို့ ဒီပဲယင်းမြို့နယ် တော်လှန်ရေးတပ်တွေကလည်း ထပ်မံတိုက်တွန်းထားပါတယ်။

 

ဒီပဲယင်းမြို့နယ်မှာ အလားတူ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူသေဆုံးမှု ဖြစ်စဉ်တွေ ရှိခဲ့ပြီး ၂၀၂၅ မေ ၁၂ ရက်နေ့ကလည်း ဒီပဲယင်းမြို့နယ် အိုးတိန်တွင်း (အိုးထိမ်းကွင်း) ကျေးရွာစာသင်ကျောင်းကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ဆရာမ ၂ ဦးအပါအဝင် ကျောင်းသားကျောင်းသူ ၂၀ ဦးကျော် သေဆုံးခဲ့ပါတယ်။

 

ဒါ့အပြင် ဒီဇင်ဘာ ၅ ရက် ညပိုင်းကလည်း ဒီပဲယင်းမြို့နယ်၊ မရကန်ရွာကို စစ်အုပ်စုက အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂၀ ကျော်အထိ သေဆုံးခဲ့ရပါတယ်။

 

ဓာတ်ပုံ – ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့