မတ္တရာ၊ သပိတ်ကျင်း၊ နောင်ချိုတို့မှာ တိုက်ပွဲပြင်းထန်နေ၊ ထန်းပင်ကုန်းရွာကို သိမ်းပိုက်
မန္တလေးတိုင်း၊ မတ္တရာ၊ သပိတ်ကျင်းနဲ့ ရှမ်းမြောက်၊ နောင်ချိုမြို့နယ်အတွင်း ဒီဇင်ဘာလ ၁၉ ရက်နေ့ကစတင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေ အပြင်းအထန်ပြန်လည်ဖြစ်ပွားနေတယ်လို့ Mdy-PDF က ဒီကနေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာလ ၁၉ ရက်နေ့ မနက် ၉ နာရီခန့်မှာ မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာကို Mdy-PDF က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး တခြားနေရာတွေကို ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ ပြောပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့ပြီး စစ်သုံ့ပန်းတွေလည်း ဖမ်းဆီးရမိခဲ့တယ်လို့ မန်း PDF က ဓာတ်ပုံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နေ့တုန်းက မတ္တရာမြို့နယ် အနောက်ဘက်ခြမ်းရှိ ရွာသစ်၊ ဝန်စုနဲ့ ထိန်ပင်စောက်ကျေးရွာတို့ကို စစ်ကောင်စီတပ်ဆီက Mdy-PDF တပ်တွေ ပြန်လည်တိုက်ခိုက်ရယူခဲ့ပါတယ်။
ဒီဇင်ဘာ ပထမပတ်အတွင်း နောင်ချို၊ သပိတ်ကျင်းနဲ့ မတ္တရာမြို့နယ်အတွင်း နေ့စဉ်တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ Mdy-PDF က ဒီဇင်ဘာ ၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
လက်ရှိ Mdy-PDF က စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တို့ကို ထိန်းချုပ်ထားပြီး မတ္တရာမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၃၅ ခုနဲ့ ကျေးရွာတချို့ကို သိမ်းပိုက်ရရှိထားတယ်လို့ Mdy-PDF ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
Mdy-PDF ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကို ဒီနှစ် ၂၀၂၄၊ ဇူလိုင်လ ၁၀ ရက်နေ့မှာ တအာင်းတပ် TNLA က ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ဓာတ်ပုံ – Mdy-PDF