စစ်ကောင်စီတပ်က ချင်းတောင်ဘက်ကို စစ်ကြောင်းထိုးနေလို့ ကလေး-သိုင်းငင်းလမ်းကို နှစ်ဖက်အဖွဲ့တွေ ပိတ်ထား

Author CJ Platform
Categories
Published on May 21, 2025

စစ်ကောင်စီက ချင်းတောင်တွေပေါ်ကို စစ်ကိုင်းတိုင်း ကလေးမြို့ကနေ တဆင့် ဧပြီလ ၁၉ ရက်နေ့ မနက် ၄ နာရီခန့်က စတင်ကာ စစ်ကြောင်းထိုးလာတာကြောင့် ချင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့က ကလေး-သိုင်းငင်းလမ်းကို ဒေသခံတွေ သွားလာခြင်းမပြုလုပ်ဖို့ တားမြစ်ထားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

တီးတိန်မြို့ကို ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက တီးတိန်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမယ်လို့ သတင်းတွေ ထွက်ပေါက်ခဲ့ပြီးနောက် စစ်ကောင်စီက ကလေးမြို့ကနေ ကလေး-သိုင်းငင်းလမ်းတလျောက် ချင်းတောင်ပေါ်ကို စစ်ကြောင်းစတင်ထိုးနေတာဖြစ်ပြီး လမ်းတလျောက်ရှိ ကျေးရွာတွေက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

 

“ ကလေး သိုင်းငင်းတစ်လျောက် စစ်ကြောင်းထိုးနေတာ။ တီးတိန်မြို့သိမ်းတိုက်ပွဲကို CB တွေက လုပ်မယ်ကြားထားတော့ တီးတိန်ကို စစ်အင်အားသွားဖြည့်တာလည်း ဖြစ်နိုင်တယ်။ သိုင်းငင်းကနေ ဖလမ်းကိုလည်း သွားလို့ရတော့ ဘယ်ကိုဦးတည်မလဲတော့ မသိဘူး “ လို့ ဒေသခံ ချင်းအမျိုးသား တစ်ဦးက CJ Platform ကိုပြောပါတယ်။

 

အင်အား ၂၀၀ ခန့်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကလေး-သိုင်းငင်းလမ်းတလျောက် ကား ၁၅ စီးခန့်နဲ့ ယမန်နေ့က စတင်ကာ စစ်ကြောင်းထိုး ဝင်ရောက်နေတာဖြစ်ပြီး စစ်ကောင်စီရဲ့ စစ်ကြောင်းကို လေကြောင်းကနေလည်း ကင်းလှည့်ပေးနေတာမျိုးတွေရှိတယ်လို့ သိရပါတယ်။

 

စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးတာနဲ့ လေယာဉ်ဝဲနေတာတွေကြောင့် ကားလမ်းဘေးဝန်းကျင်ရှိ ကျေးရွာတွေက လေကြောင်းအန္တရာယ်နဲ့ စစ်ကောင်စီရဲ့ အန္တရာယ်ကို ကြောက်ရွံ့နေရပြီး ဘေးလွတ်ရာကို အမြန်ဆုံးထွက်ပြေး တိမ်းရှောင်ကြရပေမဲ့ ကားလမ်းကို အသုံးပြုလို့ မရဘူးဖြစ်နေတယ်လို့ သိရပါတယ်။

 

စစ်ကောင်စီက ခိုင်ကမ်းမြို့ ရဲစခန်းရှိ စစ်ဆေးရေး ဂိတ်က ကလေး-ချင်းတောင်ကို သွားမယ့် ကားအားလုံးကို  ပိတ်ဆို့ထားခဲ့ပြီး လက်ရှိမှာတော့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာ မရှိသေးဘူးလို့ သိရပါတယ်။

 

ချင်းတော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ CDF CDM SIYIN ကလည်း စစ်ကောင်စီက ချင်းတောင်ဘက်ကို စစ်ကြောင်းထိုးလာလို့ ကလေး- သိုင်းငင်းလမ်းမကြီးကို မေလ ၂၀ရက်နေ့ နေ့လယ် ၁၁ နာရီကနေစတင်ပြီး အတက်အဆင်းအားလုံးကို ယာယီပိတ်ထားတယ်လို့ အရေးပေါ်ထုတ်ပြန်ထားပါတယ်။

 

ဒါ့အပြင် လမ်းပိုင်းယာယီပိတ်ထားချိန်မှာ ဖြတ်သန်းသွားလာခဲ့လို့ ပြဿနာတစ်စုံတစ်ခုဖြစ်ပေါ်လာပါက တာဝန်ယူ မှာမဟုတ်ဘူးလို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

 

တီးတိန်မြို့နယ်ထဲရှိ ကလေး-သိုင်းငင်လမ်းမကြီးပေါ်မှာ ကလေးမြို့နဲ့ ဆက်စပ်နေတဲ့ ခိုင်ကမ်းမြို့အပြင် မွာလ်ပီး၊ ထေးဇန်၊ ဟိန်ဇိန်နဲ့ သိုင်းငင်း ကျေးရွာကြီးများရှိနေပြီး သိုင်းငင်းလမ်းဆုံဟာ တီးတိန်မြို့နဲ့ ဖလမ်းမြို့တို့ကို သွားမယ့် လမ်းခွဲပဲဖြစ်ပါတယ်။

 

လမ်းဆုံမှာရှိတဲ့ သိုင်းငင်းကျေးရွာက စစ်ကောင်စီရဲ့ တပ်စခန်းကို ချင်းတော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ သိမ်းပိုက်ခဲ့ကာ ကားလမ်းတလျောက် ဝန်းကျင်နေရာတွေကို CDF-CDM (စီးယင်း) တွေက ထိန်းချုပ်ထားတာပဲဖြစ်ပါတယ်။

 

ချင်းပြည်နယ်မြောက်ပိုင်းရှိ ဖလမ်းမြို့နယ်ရဲ့ နောက်ဆုံးလက်ကျန် အမှတ် (၂၆၈)  ခြေလျင်တပ်ရင်းစခန်း ကုန်းကို ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့က ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။

 

တီးတိန်မြို့ပေါ်မှာတော့ ဇိုမီးလူမျိုးတွေရှိနေပြီး ဇိုမီးလက်နက်ကိုင်အဖွဲ့ (ZRA) တပ်ဖွဲ့တွေပါ ရှိနေကာ စစ်ကောင်စီနဲ့ လက်တွဲပြီး CC နဲ့ တွန်းဇံမြို့နယ်ကောင်စီ အုပ်ချုပ်ရေးနယ်မြေတွေကို ထိပါးနှောင့်ယှက်လာတဲ့အတွက် မလွှဲမရှောင်သာ တိုက်ထုတ်ရခြင်းဖြစ်တယ်လို့ ချင်းအမျိုးသားတပ်မတော်(CNA) က ဆိုထားပြီး မကြာခဏတိုက်ပွဲ ဖြစ်ပွားလျက်ရှိပါတယ်။

 

ချင်းပြည်ရှိ မြို့နယ် ၉ မြို့နယ်အတွင်း စစ်ကောင်စီက ဟားခါး၊ ထန်တလန်နဲ့ တီးတိန်မြို့ပေါ်တွေမှာသာ ထိန်းချုပ်ထားနိုင်ပြီး ကန်ပက်လက်၊ တွန်းဇံ၊ ပလက်ဝ၊ ဖလမ်း၊ မင်းတပ်နဲ့ မတူပီမြို့နယ်တို့ကို တော်လှန်ရေးတပ်ဖွဲ့ တွေက သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – သိုင်းငင်းလမ်းဆုံတစ်နေရာကို မြင်ရပုံ