ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့မှာ အပူချိန်ဆက်လက်ကျဆင်းနိုင် “ဒီကနေ့ ဇန်နဝါရီ ၂၁ ရက်၊ အင်္ဂါနေ့အတွက် မိုးလေဝသခန့်မှန်းချက်”
“ညအပူချိန်များ”
ရခိုင်ပြည်မှာ ဇန်နဝါရီလရဲ့ ပျမ်းမျှအပူချိန်အောက် ၄ ဒီဂရီစင်တီဂရိတ်နဲ့ တနင်္သာရီတိုင်းမှာ ဇန်နဝါရီလရဲ့ ပျမ်းမျှအပူချိန်အောက် ၂ ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ချင်းပြည်နဲ့ ရှမ်းပြည်အရှေ့ပိုင်းတို့မှာ ဇန်နဝါရီလရဲ့ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီ စင်တီဂရိတ်ပိုခဲ့ပါတယ်။
“ထူးခြားညအပူချိန်များ”
ဒီကနေ့ရဲ့ အနိမ့်ဆုံးအပူချိန်တွေအဖြစ် ဟားခါးမြို့မှာ ၅ ဒီဂရီစင်တီဂရိတ်၊ မြစ်ကြီးနားမြို့မှာ ၆ ဒီဂရီစင်တီဂရိတ်၊ လားရှိုးမြို့မှာ ၇ ဒီဂရီစင်တီဂရိတ်၊ တောင်ကြီးမြို့မှာ ၉ ဒီဂရီစင်တီဂရိတ်၊ မကွေးမြို့နဲ့ ဟုမ္မလင်းမြို့တို့မှာ ၁၃ ဒီဂရီစင်တီဂရိတ်၊ မုံရွာမြို့မှာ ၁၅ ဒီဂရီစင်တီဂရိတ်အထိ အနိမ့်ဆုံးဖြစ်ပေါ်ခဲ့ပါတယ်။
“မြို့ကြီးများ ညအပူအချိန်”
ဒီကနေ့မနက်ပိုင်းကနေ မနက်ဖြန်မနက်အစောပိုင်းအထိ နေပြည်တော်မှာ ၁၄ ကနေ ၃၂ ဒီဂရီစင်တီဂရိတ်အထိ၊ ရန်ကုန်မြို့မှာ ၁၆ ကနေ ၃၂ ဒီဂရီစင်တီဂရိတ်အထိနဲ့ မန္တလေးမြို့မှာ ၁၅ ကနေ ၃၂ ဒီဂရီစင်တီဂရိတ်အထိရှိနိုင်ပါတယ်။
ဒါ့အပြင် ထားဝယ်မြို့နဲ့ ပဲခူးမြို့တို့မှာ ၁၆ ဒီဂရီစင်တီဂရိတ်၊ မော်လမြိုင်မြို့၊ ဘားအံမြို့နဲ့ ပုသိမ်မြို့တို့မှာ ၁၈ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းနိုင်ပါတယ်။
“မိုးရွာနိုင်ခြေ”
ဒီကနေ့ညနေပိုင်းအထိ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်၊ ကရင်ပြည်နဲ့ မွန်ပြည်တို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ အများအားဖြင့် သာယာပါမယ်။
“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”
ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။
“ပင်လယ်ပြင်လှိုင်းအမြင့်”
မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိပါမယ်။
“နောက်နှစ်ရက်အတွက် ခန့်မှန်းချက်”
ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ကရင်နီ(ကယား)ပြည်နဲ့ ရှမ်းပြည်တို့မှာ ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်ပါတယ်။
Source – စစ်ကောင်စီမိုးဇလ