တိုက်ကြီးက ဖဲရိုက်နေတဲ့ ရာအိမ်မှူး ပစ်ခတ်ခံရပြီး သေဆုံး

Author CJ Platform
Categories
Published on Jun 20, 2024

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်က ဖဲရိုက်နေတဲ့ ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့ဆီကနေ သိရပါတယ်။

 

မနေ့(ဇွန်လ ၁၉)ရက်က အဲဒီမြို့နယ် ပန်းပင်တန်းကျေးရွာအုပ်စု၊ သဲဖြူပိန်းရှိုလေးကျေးရွာက ရာအိမ်မှူး ဝင်းမောင်ဆိုသူကို နေအိမ်မှာ ဖဲကစားနေချိန် ပစ်ခတ်ခဲ့တာလို့ သာယာဝတီဂဠုန်တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

 

“သူက ကြံ့ဖွတ်ပါတီရဲ့မြို့နယ်စည်းရုံးရေးမှူးလည်း ဖြစ်တယ်ဗျ။ လူငယ်တွေကို စစ်မှုထမ်းဖို့အတင်းအကျပ်တွေ လုပ်နေလို့ ပြည်သူတွေရဲ့တိုင်ကြားချက်အရ သူ့‌အိမ်မှာ ဖဲကစားနေတဲ့အချိန် ပစ်ခတ်ခဲ့တာပါ။ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားပါတယ်” လို့ သူက ပြောပါတယ်။

 

ပစ်ခတ်ခံရသူ အဲဒီရာအိမ်မှူးဟာ တိုက်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ စည်းရုံးရေးမှူး၊ ပျူစောထီး‌အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

 

ရန်ကုန်မှာ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်နေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး‌တွေ၊ ရာအိမ်မှူးတွေ ပစ်ခတ်ရှင်းလင်းခံရတာတွေ ရှိနေတာပါ။

 

အခု ဇွန်လဆန်းပိုင်းကလည်း လှိုင်သာယာမြို့နယ် ၃ ရပ်ကွက် ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့သလို အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရပ်ကွက်ရုံး ပစ်ခတ်မှုမှာလည်း ရာအိမ်မှူးတစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။

 

ဒါ့အပြင် စစ်မှုထမ်းဖို့ ရပ်ကွက်အတွင်း အတင်းအကျပ်လုပ်တာကြောင့် မြောက်ဒဂုံမြို့နယ် ၃၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးလည်း သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်