စစ်ကောင်စီက ဟိုင်ဂင်ဘောတူညီချက်ကို အကြိမ်ကြိမ်ချိုးဖောက်နေလို့ TNLA ဆို

Author လဂွန်းအိမ်
Categories
Published on Jun 20, 2024

ရှမ်းပြည်(မြောက်ပိုင်း) တအောင်းဒေသရှိ တအောင်းတပ် TNLA တပ်စခန်းနဲ့ ထိန်းချုပ်ဒေသတွေထဲမှာ စစ်ကောင်စီက ဟိုင်ဂင်သဘောတူစာချုပ်ကို အကြိမ်ကြိမ်ချိုးဖောက်နေတယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)က မနေ့ ဇွန်လ ၁၉ ရက်နေ့မှာ ထုတ်ပြောလာပါတယ်။

 

စစ်ကောင်စီဟာ ဇွန်လထဲကစလို့ အဲဒီဒေသထဲ အရပ်ဘက်၊ စစ်ဘက်မရွေး လက်နက်ကြီး/ငယ်၊ ဒရုန်းတွေနဲ့ တိုက်ခိုက်နေတာကနေ အခုနောက်ပိုင်းမှာတော့ ဂျက်တိုက်လေယာဉ်တွေအထိသုံးပြီး တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ PSLF/TNLA ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

ဒါကြောင့် နောင်ချိုနဲ့ မိုးမိတ်မြို့နယ်တို့ရှိ TNLA တပ်စခန်းတွေက TNLA ရဲဘော် သုံးဦးသေဆုံးခဲ့တဲ့အပြင် ဒဏ်ရာရရဲဘော် ခုနစ်ဦးအထိရှိလာပြီဖြစ်တယ်လို့ PSLF/TNLA က ဆိုပါတယ်။

 

ဒါ့အပြင် ဇွန်လ ၁၂ ရက်နေ့က သီပေါမြိုနယ် ကွန်စံလိတ်ရွာအထက် သီပေါ-နမ္မတူလမ်းမကို စစ်ကောင်စီတပ်ဘက်က မြေတူးစက်နဲ့ ကန့်လန့်ဖြတ် မြောင်းဖောက်ဖျက်ဆီးထားပါတယ်။

 

အလားတူ ဇန်နဝါရီ ၁၃ ရက်နေ့က လားရှိး-မိုင်းယော်သို့သွားလမ်းတွေဖြစ်တဲ့ ကောင်းဟုန်းရွာ၊ နမ့်ဖရွာနဲ့ မန်နားရွာတို့က လမ်းမတွေကို မြေတူးစက်တွေနဲ့ မြောင်းဖောက်ဖျက်ဆီးခဲ့ပါသေးတယ်။ ဒါကြောင့် လားရှိုးမြို့နယ်ထဲ စစ်ကောင်စီနဲ့ TNLA တပ်တို့ကြား စစ်ရေးတင်းမာနေပါတယ်။

 

စစ်ကောင်စီဘက်က အခုလိုလုပ်ဆောင်မှုတွေ ရှိတယ်လို့ ဆိုပေမဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်တာမျိုးရှိတယ်ဆိုတာ TNLA ဘက်က ထုတ်ပြောတာမျိုးမရှိသေးပါဘူး။

 

စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့နယ်ရှိ TNLA တပ်စခန်းကို ဇွန်လ ၁၈ နဲ့ ၁၉ ရက်နေ့တို့မှာ လက်နက်ကြီး၊ လေယာဉ်နဲ့ ဒရုန်းတွေအသုံးပြုတိုက်ခိုက်ခဲ့သလို ဇွန်လ ၉ ရက်နေ့မှာ မိုးမိတ်မြို့နယ်ထဲက TNLA တပ်စခန်းကို ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီက TNLA ထိန်းချုပ်ထားတဲ့ ကျေးရွာတွေကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ၁၀ နှစ်အရွယ်ကလေးငယ်အပါအဝင် အရပ်သားပြည်သူတချို့ ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ်တချို့လည်း ပျက်စီးခဲ့ရကာ ဒေသခံတွေ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ PSLF/TNLA ဆီကနေ သိရပါတယ်။

 

၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်သုံးဖော်ဖြစ်တဲ့ ကိုးကန့်တပ် MNDAA၊ တအောင်းတပ် TNLA၊ အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတို့ကြား ရှမ်းမြောက်မှာ အပစ်ရပ်ရေး သုံးကြိမ်အထိ တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးခဲ့ရတာပါ။

 

နောက်ဆုံးအကြိမ် ယခုနှစ် ဇန်နဝါရီလ ၁၁ နေ့က ယူနန်ပြည်နယ်၊ ကူမင်းမြို့၊ ဟိုင်ဂင်ဟိုတယ်မှာ တွေ့ဆုံခဲ့ကြပြီးနောက် ဟိုင်ဂင်သဘောတူညီချက်ဆိုပြီး ရရှိခဲ့ကြတာဖြစ်ပါတယ်။

 

ဒါပေမဲ့ အဲဒီစာချုပ်ချုပ်ဆိုပြီး နှစ်ရက်အကြာ ဇန်နဝါရီ ၁၃ ရက်နေ့မှာ ရှမ်းမြောက်က ကျောက်မဲမြို့နယ်ထဲရှိ TNLA ထိမ်းချုပ်ရာ ငြိမ်းချမ်းရေးကုန်းကို စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။

 

အဲဒီနောက် ခြောက်လ ခန့်အကြာ ဇွန်လပထမပတ်ထဲကစလို့ ဟိုင်ဂင်စာချုပ်ပါ အပစ်အခတ်ရပ်စဲထားရေးသဘောတူညီချက်ကို စစ်ကောင်စီဘက်က ထပ်မံချိုးဖောက်လာခဲ့တာဖြစ်ပါတယ်။

 

အခုလို ဟိုင်ဂင်သဘောတူညီချက်ကို ချိုးဖောက်တယ်ဆိုတဲ့အပေါ်နဲ့ ရှမ်းမြောက်မှာ တိုက်ခိုက်မှုတွေ ပြန်လည်လုပ်ဆောင်နေတဲ့အပေါ် စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောကြားလာတာမျိုး ဒီနေ့ ဇွန် ၂၀ ရက်အထိ မရှိသေးပါဘူး။

 

ဓာတ်ပုံ – PSLF/TNLA