ကုန်ဈေးနှုန်းတည်ငြိမ်ရေး အလေးပေးလုပ်ဖို့ စစ်ကောင်စီ ဒုဝန်ကြီးချုပ်ဆိုသူ ပြော

Author ကိုထားဝယ်
Categories
Published on Jun 20, 2024

စစ်အာဏာသိမ်းပြီး သုံးနှစ်ကျော်ကာလအတွင်း ကုန်ဈေးနှုန်း လေးဆခန့်အထိ တက်နေချိန် ကုန်ဈေးနှုန်းတည်ငြိမ်ရေး အလေးပေးလုပ်ဖို့ စစ်ကောင်စီ ဒုဝန်ကြီးချုပ် ငါးဦးထဲက တစ်ဦးဖြစ်တဲ့ ဦးဝင်းရှိန်က ပြောကြားလိုက်ပါတယ်။

 

မနေ့ ဇွန် ၁၉ ရက်မနက်ပိုင်း နေပြည်တော်မှာပြုလုပ်တဲ့ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီရဲ့ ၂၀၂၄ ခုနှစ်အတွက် ဒုတိယအကြိမ်အစည်းအဝေးမှာ အဲဒီကော်မတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ၎င်းက သူ့လူတွေကို တိုက်တွန်းပြောကြားသွားခဲ့တာဖြစ်ပါတယ်။

 

အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ မတည်ငြိမ်ဘဲ ရုတ်တရက်မြင့်တက်ခြင်းကြောင့် အခြေခံလူတန်းစားများ၊ ဝန်ထမ်းများ အဓိက ထိခိုက်စေတယ်လို့ စစ်ကောင်စီ ဒုဝန်ကြီးချုပ်က ပြောပါတယ်။

 

“ဒါကြောင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၊ နေပြည်တော်နဲ့ တိုင်းနဲ့ပြည်နယ်တွေက တာဝန်ရှိသူတွေအနေနဲ့ ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းစဉ်ကို အထူးအလေးထားပြီး ကြိုးပမ်းဆောင်ရွက်ဖို့လိုတယ်” လို့ စစ်ကောင်စီ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

 

အကူပစ္စည်းများအပါအဝင် အရေးကြီးကုန်စည်များ ပြတ်လပ်မှုနဲ့ ဈေးမတက်အောင် စစ်ကောင်စီလက်အောက်ခံဌာနတွေ ပူးပေါင်းလုပ်ဆောင်နေတဲ့အပြင် နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေက ဆန်သိုလှောင်ရုံ၊ ဆန်ဆိုင်၊ ဆေးသိုလှောင်ရုံနဲ့ ဆေးဆိုင်တွေကို ဈေးမြှင့်ရောင်းတာ၊ ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်တာတွေ မရှိစေရေး အပတ်စဉ် ကွင်းဆင်းစစ်ဆေးနေတယ်လို့ သူက ပြောပါတယ်။

 

ဒါ့အပြင် ရွှေ၊ နိုင်ငံခြားငွေ၊ ဆန်နဲ့ စားအုန်းဆီဈေး တည်ငြိမ်ရေး စစ်ကောင်စီလက်အောက်ခံဌာနတွေ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဥက္ကဋ္ဌက ထည့်ပြောသွားပါတယ်။

 

တိုင်းနဲ့ ပြည်နယ်တွေက ဝန်ကြီးချုပ်များ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီအဖွဲ့ဝင်တွေကလည်း ထူးထူးခြားခြားပြောင်းလဲဖြစ်ပေါ်နေတဲ့ အဓိကကုန်စည်ဈေးနှုန်းများအပေါ် သုံးသပ်ချက်၊ တိုင်းနဲ့ ပြည်နယ်အတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေး ဆောင်ရွက်ချက်တွေကို ပြန်တင်ပြခဲ့ပါတယ်။

 

စစ်တပ်အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သား ကျပ်သိန်း ၆၀ နီးပါး၊ အမေရိကန်တစ်ဒေါ်လာ ၅၀၀၀ ကျပ်နီးပါး၊ ဆန်ကြမ်းတစ်အိတ် ၁၂၀,၀၀၀ ကျပ်၊ ကော်ဖီမစ်တစ်ထုပ် ၄၀၀ ကျပ်၊ စားအုန်းဆီ တစ်ပိဿာ ကျပ် ၁၂,၀၀၀ အထိ ဈေးနှုန်းမြင့်တက်နေပါတယ်။

 

ဓာတ်ပုံ – MOI