အိုးဘိုထောင်မှာ အကျဉ်းသားတစ်ဦး ၁၈ ပေနှုန်းအကျယ်နေရာပေး ထိန်းသိမ်းထားလို့ စစ်ကောင်စီဝါဒဖြန့် နိုင်/ကျဉ်းဟောင်းတွေနဲ့ ကူညီရေးအဖွဲ့တွေ ငြင်း

Author လဂွန်းအိမ်
Categories
Published on Jun 20, 2024

မန္တလေးအိုးဘို ဗဟိုအကျဉ်းထောင်မှာ လူဦးရေအဆမတန် စုပြုံမထားဘဲ အကျဉ်းသားတစ်ဦးကို ၁၈ စတုရန်းပေနှုန်း အကျယ်နေရာပေး ထားရှိပြီး လက်ခံနိုင်တဲ့အင်အားထက် အကျဉ်းသားဦးရေ ပိုမထားဘူးလို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

 

အိုးဘိုထောင်မှာ အခုနှစ်ဆန်းပိုင်းမှစတင်ကာ ဇွန်လအထိ ခြောက်လတာကာလအတွင်း လူဦးရေထူထပ်နေပြီး ရှိသင့်တဲ့ လူဦးရေထက် နှစ်ဆမှ သုံးဆခန့်အထိ များပြားနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ စောင့်ရှောက်ကူညီရေးအဖွဲ့အစည်းတွေက ထုတ်ပြန်ပြောကြားလာပြီးနောက် စစ်ကောင်စီဘက်က မဟုတ်ဘူးလို့ ငြင်းဆိုလာတာဖြစ်ပါတယ်။

 

လူဦးရေ ၅၀ ခန့်သာပုံမှန်ထားလေ့ရှိတဲ့ အကျဆောင်တွေမှာ ၁၀ဝ ကနေ ၁၅၀ အထိထားသလို ထပ်ခိုးပါတဲ့ အဆောင်တွေမှာ ၂၀ဝ ခန့်အထိ စုပြုံထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ရဲ့ ဇွန်လ ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

 

ဒါကြောင့် အိုးဘိုအကျဉ်းထောင်ထဲ ရေလုံလောက်စွာမရရှိခြင်း၊ အဝတ်များမခြောက်ခြင်း၊ အရေပြားရောဂါများစွဲကပ်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအတွက် လုံလောက်သည့် နေရာထိုင်ခင်းမရရှိခြင်း စတဲ့အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ PPNM က ဆိုပါတယ်။

 

ဒီလိုထုတ်ပြန်ချက်တွေနဲ့ပတ်သက်ပြီး အိုးဘိုထောင်ထဲ သတ်မှတ်အကျဉ်းသားဦးရေထက် ပိုမထားဘဲ အကျဉ်းထောင်လက်စွဲဥပဒေနဲ့အညီ ဆောင်ရွက်နေပြီး ပြည်သူလုထု အထင်အမြင်လွဲမှားအောင် မဟုတ်မမှန်လုပ်ကြံရေးသားခြင်းသာဖြစ်တယ်လို့ စစ်ကောင်စီအကျဉ်းဦးစီးဌာနဘက်က ဆိုပါတယ်။

 

ဒါ့အပြင် အဝတ်အထည်များထုတ်ပေးခြင်း၊ အဝတ်လှမ်းစဉ်များ ပြုလုပ်ပေးတဲ့အပြင် ကျန်းမာရေးစောင့်ရှောက်မှုတွေပြုလုပ်ပေးတာကြောင့် ပွေးဝဲယားနာလူနာများမရှိဘဲ ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးမိခင်များကို သီးခြားအိပ်ဆောင် စီစဉ်ပေးထားတယ်လို့ ဆိုထားပါသေးတယ်။

 

PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကတော့ စစ်ကောင်စီရဲ့ ပြန်လည်တုံ့ပြန်မှုနဲ့ပတ်သက်ပြီး “ထောင်တွေကို မြေပြင်မှာဝင်ရောက်ကြည့်ရှု့ပြီးပြီလား” လို့ သူက ပြန်လည်မေးခွန်းထုတ် ပြောပါတယ်။

 

ဆက်လက်ပြီး သူက စစ်ကောင်စီအနေနဲ့ အကျဉ်းထောင်တွေကို ရှောင်တခင်ဝင်စစ်ဖို့ လိုပြီလို့ သတိပေးပြောကြားပါတယ်။

 

“ဒီထဲကတစ်ခုပြောပြရင် ထောင်ထဲမှာ လူဦးရေနဲ့ညီမျှတဲ့ အဝတ်လှမ်းစဉ်ဆိုတာမရှိပါဘူး။ ဟန်ပြဆောက်ရင်တော့ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ လူဦးရေနဲ့ညီမျှတဲ့ အဝတ်စဉ်တွေထားပေးတယ်ဆိုတာတော့ ယုတ်တိမရှိတဲ့အကြောင်းပြချက်ပဲဖြစ်ပါတယ် ” လို့ ကိုသိုက်ထွန်းဦးက CJ Platform ကိုထပ်ပြောပါတယ်။

 

အခုလို စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေက စစ်ကောင်စီ အကြိုက်လိုက်ပြီး နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဖိနှိပ်တဲ့ လုပ်ဆောင်ချက်တွေဟာ မဆန်းကျယ်တဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်တယ်လို့ PPNM ဦးဆောင်ကော်မတီဝင်က ပြောပါတယ်။

 

စစ်ကောင်စီရဲ့ ပြောဆိုမှုကို နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးကလည်း ဒါဟာ မဟုတ်မှန်ဘူးလို့ငြင်းဆိုလိုက်ပြီး အကျဉ်းထောင်အတွင်းမှာ လိုက်နာရမယ့် အကျဉ်းထောင်လက်စွဲဥပဒေတွေကို ကြည့်ပြီး စည်းကမ်းအတိုင်းလုပ်ဆောင်နေသယောင် ဝါဒပြန်ဖြန့်တာသာဖြစ်တယ်လို့ ဆိုပါတယ်။

 

“သူတို့အကျင့်က အဲဒါပဲဗျ။ စည်းမျဉ်းတွေပေါ်အခြေခံပြီး အမြဲလိမ်နေကြတာပါ။ တစ်ကယ်ထောင်ထဲသွားကြည့် တစ်ခြားဆီပဲ။ အဝတ်လှမ်းဖို့ မပြောနဲ့ လှမ်းထားတဲ့ အဝတ်တွေတောင် လုံခြုံရေးအရဆိုပြီး ရုတ်ခိုင်းတာ။ ပွေးဝဲ ဆိုတာက အမြဲပေါက်ကြတယ်။ ဘယ်လောက်တစ်ကိုယ်ရည်သန့်ရှင်းအောင်နေနေ ဖြစ်တာပါပဲ။ ဖြစ်လို့သွားပြလည်း ခဏခဏ ပြရင်မကြည်ကြဘူး” လို့ မကြာခင်ကာလကမှ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီက အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားမရှိဘူးလို့ ပြောဆိုနေပါတယ်။

ဒါနဲ့ပတ်သက်ပြီး CJ Platform အနေနဲ့ အကျဉ်းထောင်ဝန်ထမ်းတစ်ဦးထံ မေးမြန်းခဲ့ရာမှာ အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားဆိုပြီး ခေါ်ဆိုခြင်းကို ကန့်သတ်ထားပြီး ၎င်းတို့ကို အရေးကြီးအကျဉ်းသား/အရေးကြီးအချုပ်သားဟုခေါ်ဆိုသတ်မှတ်ထားတယ်လို့ ဖြေကြားပါတယ်။

 

“ အရေးကြီး အကျဉ်း/အရေးကြီးအချုပ်သားတွေဆိုရင် ထောင်ကိုစရောက်လာကတည်းက သီးသန့် စာရင်းပြုစုရတာပါ။ ထောင်ပိတ်တာနဲ့ ထောင်ပိတ်စာရင်းမှာကို နေ့စဉ် Report တင်ရပါတယ်။ အချုပ်ကနေ အကျဖြစ်သွားရင် မှတ်ချက်ပေးရတာမျိုးရှိပါတယ်” လို့ အမည်မဖော်လိုသူ အကျဉ်းဦးစီးဝန်ထမ်းတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

ဓာတ်ပုံ – PPNM