စစ်ကိုင်း ကမ္ဘောဇဘဏ် ဓားပြတိုက်မှု PDF တွေ လုပ်တာလို့ စစ်ကောင်စီ စွပ်စွဲမှု သွေးထိုးခြင်း သက်သက်ဆိုပြီး သက်ဆိုင်ရာအဖွဲ့ငြင်း

Author မင်းထက်
Categories
Published on Jun 20, 2024

စစ်ကိုင်းမြို့ ပန်းဘဲတန်းရပ်ကွက်ရှိ ကမ္ဘောဇဘဏ်(၁)ကို မနေ့ ဇွန် ၁၉ ရက်က ဓားပြတိုက်မှုဖြစ်ပေါ် ခဲ့ပြီး  PDF တွေလုပ်ဆောင်တာပါလို့ စစ်ကောင်စီက စွပ်စွဲဝါဒဖြန့်မှုဟာ ပြည်သူနဲ့ တော်လှန်ရေးအဖွဲ့ကြား သွေးထိုးလှုံ့ဆော်ခြင်းသက်သက်လုပ်ဆောင်တာဖြစ်တယ်လို့ စစ်ကိုင်းခရိုင် PDF တပ်ရင်း(၂)ရဲ့ တာဝန်ရှိသူတွေက CJ Platform ကနေတစ်ဆင့် တုံ့ပြန်ပြောကြားလိုက်ပါတယ်။

ဘဏ်ဓားပြတိုက်တဲ့အဖွဲ့ဟာ ပေါင်းလှရွာအခြေပြု စစ်ကိုင်းခရိုင် PDF တပ်ရင်း(၂)က ဆင်ရိုင်း (ခ) ခိုင်ဇော်လင်း ဦးဆောင်တဲ့အဖွဲ့ဖြစ်ပြီး အသေဖမ်းဆီးရမိသူဟာ ကိုနောင်ဆိုသူဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

 

“ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံတွေပဲလုပ်ဆောင်လား။ တခြား ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ မသိရပေမဲ့ ကျွန်တော်တို့ စစ်ကိုင်းခရိုင်တပ်ရင်း(၂)က ပါဝင်ပတ်သက်မှုလုံးဝမရှိပါဘူး။ ဒီလိုမျိုးတပ်ရင်းနာမည်ကို တမင်ထည့်သွင်းရေးသားတယ်ဆိုတာ ပြည်သူနဲ့ ကျွန်တော်တို့ကြားကို သွေးထိုးပြီး တပ်ရင်း ၂ ပုံရိပ်ကျအောင်လုပ်တာပါ” လို့ အဲဒီတပ်ရင်းရဲ့ တာဝန်ရှိသူတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

စစ်ကိုင်းခရိုင်အတွင်းမှာ PDF အမှတ်(၂)တပ်ရင်းဟာ စစ်ရေးလှုပ်ရှားမှု အများဆုံး တပ်ရင်းတစ်ခု ဖြစ်တာကြောင့် စစ်ကောင်စီကစောင့်ကြည့်ပြီး အခုလိုတိုက်ခိုက်တာ ဖြစ်နိုင်သလို စစ်ကိုင်းခရိုင် တပ်ရင်း( ၂) အနေနဲ့ NUG ရဲ့ကွပ်ကဲမှုအောက်မှာ ရှိနေတဲ့ တပ်ရင်းတစ်ခုဖြစ်တဲ့အတွက် ဒီလိုဖြစ်ရပ်မျိုးလုပ်ဆောင်မှာမဟုတ်သလို ဖြစ်လာစရာအကြောင်းလည်းမရှိပါဘူးလို့ အဲဒီတပ်ရင်းရဲ့ တာ၀န်ရှိသူတွေက ဆိုပါတယ်။

 

ဓားပြတိုက်မှုဖြစ်ခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့ဟာ နိုင်ငံတ၀န်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လူထုလှုပ်ရှားမှုတွေ လုပ်ဆောင်နေတာကြောင့် စစ်ကိုင်းမြို့ရဲ့လူထု လှူပ်ရှားမှုတွေကိုဖြိုခွင်းဖို့ မြို့တွင်းမှာ စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက ဓားပြတိုက် မှုဖြစ်ပေါခဲ့တာဖြစ်ပါတယ်။

 

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ စစ်ကိုင်းမြို့က  ကမ္ဘောဇဘဏ် (၁)ကို ဓားပြဝင်တိုက်ခဲ့တဲ့ လူလေးဦးကို  ဖမ်းဆီးဖို့ကြိုးစားခဲ့ရင်း တစ်ဦးကို အသေဖမ်းမိသလို ကျပ်သိန်း သုံးထောင်ကျော်၊ လက်လုပ်ပစ္စတိုတစ်လက်အပါအဝင် လက်နက်ခဲယမ်းတချို့နဲ့ ဆက်စပ်ပစ္စည်းတွေလည်း ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်