မြဝတီတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေ၊ စစ်ကောင်စီ လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်

Author CJ Platform
Categories
Published on Apr 20, 2024

ထိုင်း-မြန်မာနယ်စပ်မြို့ မြဝတီတွင် ယနေ့ ညပိုင်းမှစတင်ဖြစ်ပွားနေသော စစ်ကောင်စီ-KNLA/PDF တိုက်ပွဲများ ယနေ့ မွန်းလွဲပိုင်းအထိ ဆက်လက်ပြင်းထန်နေသည်။

စစ်ကောင်စီဘက်က လေယာဉ်၊ စစ်ရဟတ်ယာဉ်များအပြင် မြေပြင်ကပါ အပြင်းအထန်တိုက်ခိုက်နေသကဲ့သို့ KNLA/PDF တပ်ဖွဲ့ဝင်များကလည်း ပြန်လည်တိုက်ခိုက်နေကြသည်။

“ လေယာဉ်ပစ်တွေ တောက်လျှောက်လာနေတယ်။ မြဝတီဝါးတောဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်” ဟု ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအနီး သွားရောက်သတင်းရယူနေသည့် CJ Platform သတင်းထောက်က သတင်းပေးပို့သည်။

ယနေ့ မွန်းလွဲ ၃ နာရီခွဲခန့်အထိ နှစ်ဖက်တိုက်ပွဲအခြေအနေမှာ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနေထိုင်နေသည့် နေရာအနီးထိ ကပ်လာနေသည်ဟု ၎င်းက ပြောသည်။

 

“တိုက်ပွဲကတော့ တံတား ၂ နားက စကစတပ်တွေ အထိုင်ချထားတဲ့ Checkpoint နားကိုပါ ကပ်လာတယ်။ လေယာဉ်တွေကတော့ တောက်လျှောက်တက်ပြီးတော့ ကြဲတယ်။ မြဝတီမြို့ထဲကနေ မီးလောင်ပြီးတော့ မီးခိုးလုံးတွေ တောက်လျှောက်ထွက်နေတာကို မြင်နေရပါတယ်” ဟု CJ Platform သတင်းထောက်က သတင်းပေးပို့သည်။

 

မြဝတီမြို့ဘက်မှ စစ်ဘေးရှောင်အများအပြား ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်သို့ တိမ်းရှောင်လာနေကြပြီး အချို့မှာမူ မြန်မာဘက်ခြမ်း သောင်ရင်းမြစ်ဘေးတွင် စစ်ဘေးရှောင်နေရသူများလည်း ရှိနေသည်ဟု ၎င်းက ဆိုသည်။

 

ထို့ပြင် အပြန်အလှန်ပစ်ခတ်မှုများအတွင်း ထိုင်းနိုင်ငံဘက်ခြမ်းသို့ လက်နက်ကြီးကျည်မဟုတ်ဘဲ ကျည်ကျရောက်မှုများရှိနေသည်။

 

သတင်းရယူခွင့်နှင့်ပတ်သက်၍ ၎င်းက “မဲဆောက်ဘက်ခြမ်းမှာ တာဝန်ရှိတဲ့သူတွေက ပြည်သူတွေနဲ့ ကျွန်တော်တို့ကို သတင်းရယူခွင့်ကို ကမ်းဘေးတော့ အကပ်မခံဘူး။ ကျည်ကွယ်တဲ့နေရာကနေ သတင်းရယူခွင့်ပေးထားပါတယ်” ဟု CJ Platform သတင်းထောက်က ပြောသည်။

 

ဓာတ်ပုံ – ပြည်စိုး

 

Related News

Depend on news