ထိုင်းနိုင်ငံအတွင်း လေထုညစ်ညမ်းမှုအညွှန်းကိန်း မြင့်တက်

Published on Jan 20, 2026

ထိုင်းနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဘန်ကောက်မြို့တော်နဲ့ အနီးတစ်ဝိုက်က ဒေသတွေမှာ လေထုညစ်ညမ်းမှုအညွှန်းကိန်းတွေ မြင့်တက်လာနေတာကို မိုးလေဝသခန့်မှန်းချက် မော်ဒယ်တွေအရ သိရပါတယ်။

 

ဒီကနေ့ ဇန်နဝါရီ ၂၀ ရက်မှာ လေထုညစ်ညမ်းမှု အညွှန်းကိန်းတွေဟာ ကျန်းမာရေးဆိုင်ရာ သတိပြုရမယ့် အဆင့်ထိကို ရောက်ရှိနေပြီး နေ့လယ်ဘက်တွေမှာတောင် AQI ၁၂၀ ကနေ ၁၃၀ ကျော်အထိ ရှိနေမှာ ဖြစ်ပါတယ်။ ညပိုင်းတွေနဲ့ မနက်အစောပိုင်းတွေမှာတော့ AQI အညွှန်းကိန်းဟာ ၁၆၀ ကျော်အထိ မြင့်တက်လာနိုင်ပါတယ်။

 

ဒါကြောင့် ဘန်ကောက်မြို့အပါအဝင် နွန်သဘူရီခရိုင်၊ ပထုံထာနီခရိုင်၊ အယုဒ္ဓယခရိုင်၊ အန်ထောင်းခရိုင်၊ ဆုပန်ဘူရီခရိုင်၊ လော့ဘူရီခရိုင်၊ စာရာဘူရီခရိုင်တို့မှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ လုပ်ငန်းခွင်တွေအတွင်းနဲ့ နေအိမ်ပြင်ပထွက်ခွာချိန်တွေမှာ Mask တပ်ဆင်သွားလာတာမျိုး လုပ်ဆောင်ကြပါလို့ အကြံပြုလိုပါတယ်။

 

အထူးသဖြင့် အယုဒ္ဓယခရိုင်က AQI ၁၆၀ ကျော်အထိ ရောက်ရှိနိုင်မှာ ဖြစ်တာကြောင့် အယုဒ္ဓယခရိုင်ရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ဒီနေ့တစ်နေ့လုံးနဲ့ မနက်ဖြန်မနက်အထိ အထူးသတိထားဖို့ လိုအပ်ပါတယ်။

 

AQI ၁၅၀ ကနေ ၂၀၀ အတွင်းဟာ လေထုညစ်ညမ်းမှု အန္တရာယ်အဆင့်ကို ရောက်ရှိလာပြီ ဖြစ်တာကြောင့် ကလေးငယ်တွေနဲ့ အသက်အရွယ်ကြီးရင့်သူတွေကို နေအိမ်အတွင်းမှာပဲ လေသန့်စက်များတပ်ဆင်ပေးပြီး ထားရှိဖို့ အကြံပြုလိုပါတယ်။

 

ပုံစာ – ဘန်ကောက်မြို့ တစ်နေရာကို မြင်ရပုံ